အသက်ကြီးသော်လည်း အောင်မြင်နေဆဲ ဟောလိဝုဒ် မင်းသားကြီး

ဟောလိဝုဒ်အနုပညာလောကရဲ့ အထွန်းတောက်ဆုံးနဲ့ အကျော်ကြား အအောင်မြင်ဆုံး ကြယ်တစ်ပွင့်လို့ ပြောလို့ရတဲ့ အမေရိကန် လူမည်းမင်းသားကြီး မော်ဂန်ဖရီးမန်းဟာ မမ်ဖစ်မှာ မွေးဖွား ကြီးပြင်းခဲ့သူဖြစ်ပြီး နီဂရိုးလူမျိုးမိသားစုက ဆင်းသက်လာသူပါ။

၁၉၇၁ ခုနှစ်ကတည်းက စတင်ပြီး အနုပညာလောကကို ဝင်ရောက်ခဲ့ပြီး ၁၉၈၅ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Marie ရုပ်ရှင်ဇာတ်ကားမှာ ပရိသတ်တွေ စတင်အသိအမှတ်ပြုခဲ့ကြပါတယ်။ နောက်ပိုင်းမှာလည်း သူ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတိုင်းဟာ ဇာတ်လမ်း ဇာတ်အိမ်ကောင်းခြင်း၊ ကိုယ်တိုင်က သရုပ်ဆောင် ပီပြင်ထူးချွန်လွန်းခြင်းတို့ကြောင့် အမြဲတစေဆိုသလို အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။

မော်ဂန်ဖရီးမန်းဟာ များသောအားဖြင့် ဦးနှောက်သုံးပြီး ပြဿနာတွေကို ဖြေရှင်းကိုင်တွယ်ရတဲ့ ပညာရှိဇာတ်ရုပ်တွေ၊ ကြမ်းကြမ်းတမ်းတမ်းမဟုတ်ဘဲ သရုပ်ဆောင်ပိုင်း အဓိကအသားပေးတဲ့ အက်ရှင်ဇာတ်ကားတွေမှာ သရုပ်ဆောင် ပီပြင်လွန်းသူမို့ အနုပညာထူးချွန်ဆုပေါင်းများစွာ ရရှိပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။

နာမည်ကြီး Batman ဇာတ်ကား ၃ကားမှာလည်း သရုပ်ဆောင်ခဲ့သေးသလို တချို့ ဒရာမာ အချစ်ဇာတ်မြူး ဇာတ်ကားတွေမှာလည်း ပါဝင်ထားပါသေးတယ်။ Kiss the Girls, Bruce Almighty, The Bucket List, Wanted, RED, Dolphin Tale 1 & 2, Olympus Has Fallen, Now You See Me, Lucy နဲ့ Momentum ဇာတ်ကားတွေဟာ သူ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ နာမည်ကြီး ရုပ်ရှင် ဇာတ်ကားတွေ ဖြစ်ပါတယ်။

လက်ရှိ အောင်မြင်မှုတွေရရှိနေတဲ့ နာမည်ကြီး London Has Fallen အက်ရှင်ဇာတ်ကားကြီးမှာလည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ အနုပညာ ပါရမီရှင် မင်းသားကြီး မော်ဂန်ဖရီးမန်းကို ၁၉၃၇ ခုနှစ် ဇွန်လ ၁ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။

www.phothutaw.com


Leave a Reply