မြန်မာ့ကော်ဖီ အမေရိကန်ဈေးကွက်သို့ ပထမဆုံးအကြိမ် တင်ပို့မည်

illustration-photo-556732-coffee

မြန်မာ့ကော်ဖီကို ပထမဆုံးအကြိမ်ဖြစ် အမေရိကန်နိုင်ငံသို့ တင်ပို့ရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံကော်ဖီ စိုက်ပျိုးထုတ် လုပ်တင်ပို့ရောင်းသူများ အစုအဖွဲ့မှ သတင်းရရှိသည်။  မြန်မာနိုင်ငံမှ အရည်အသွေးမြင့် အာရေဘီကားကော်ဖီကို ၂၆တန်(ကွန်တိန်နာ ၂လုံး)တင်ပို့နိုင်ရန် သဘောတူထားပြီး စာချုပ်ကို ယခုလ အတွင်း ချုပ်ဆိုမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကော်ဖီစိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းသူများ အစုအဖွဲ့ ဥက္ကဋ္ဌ ဦးရဲမြင့် က ပြောသည်။

ပြီးခဲ့သည့် ဧပြီ ၁၄ ရက်မှ ၁၇ ရက်အထိ အမေရိကန်အရည် အသွေးမြင့်ကော်ဖီ အဖွဲ့အစည်း (Speciality Coffee Association of America-SCAA)က အက်တ လန်တာတွင် ပြုလုပ်သည့် ကော်ဖီပြပွဲ၌ မြန်မာနိုင်ငံမှ ကော်ဖီကို သွားရောက်ပြသနိုင်ခဲ့သည်။ ထို့ကြောင့် အမေရိကန်နိုင်ငံက မြန်မာ့ကော်ဖီကို ဝယ်ယူရန် စိတ်ဝင်စားလာခြင်းဖြစ်ကြောင်း ဦးရဲမြင့်က ပြောသည်။ ‘‘ကော်ဖီ ဈေးနှုန်းကတော့ မကြုံဖူးတဲ့ဈေးနဲ့ရနိုင် တယ်။ ကျွန်တော်တို့ကော်ဖီကို အရည်အသွေးမြင့် ကော်ဖီအဖြစ် လက်ခံပြီး လာဝယ်တာဆိုတော့ စာချုပ် ချုပ်မှပဲ ဈေးကသိရမယ်။ မြန်မာ့ ကော်ဖီကို ပြပွဲမှာ နိုင်ငံတော်တော်များများက စိတ်ဝင်စားကြတယ်’’ ဟု ၎င်းက ပြောသည်။

လက်ရှိ ကော်ဖီကိုတိုင်ပေ၊ ကိုရီးယား၊ ဂျပန်နိုင်ငံတို့ကို တင်ပို့လျက်ရှိသည်။ ဆွစ်ဇာလန်နိုင်ငံသို့လည်း ပထမဆုံးအကြိမ် တင်ပို့ရန် စီစဉ်လျက်ရှိသည်။ လက်ရှိတွင် ပြည်ပတင်ပို့သည့် ကော်ဖီဈေးမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄,၀၀၀ ခန့်ရှိပြီး အမေရိကန်သို့ တင်ပို့ပါက ယင်းဈေး ထက်ပိုရနိုင်ကြောင်း ဦးရဲမြင့်က ဆိုသည်။ အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ (USAID) ၏ အကူအညီဖြင့် Winrock Inter-national က ကော်ဖီစိုက်ပျိုးသူ များအား နည်းပညာ အကူအညီပေးမှု ကြောင့် မြန်မာ့ကော်ဖီကို SCAA ပြပွဲသို့ သွားရောက်ပြသ နိုင်ခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် တစ်နှစ်လျှင် ကော်ဖီတန်ချိန် ၇,၀၀၀ ခန့် ထွက်ရှိပြီး ၅၀ ရာခိုင်နှုန်းခန့်ကို ပြည်ပသို့ တင်ပို့နေကာ မန္တလေး တိုင်း၊ ပြင်ဦးလွင်၊ ရှမ်းပြည်နယ် အတွင်းရှိ မိုးကုတ်နှင့် နောင်ချို ဒေသများမှ အဓိကထွက်ရှိခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။


Leave a Reply