VX ခေါ် ဓာတုအဆိပ် တစ်မျိုးကြောင့် ကင်မ်ဂျုံနမ် သေဆုံးခဲ့ခြင်းဟု မလေးရှား ရဲတပ်ဖွဲ့ အတည်ပြု

ကင်မ်ဂျုံနမ် လုပ်ကြံခံရမှုတွင် VX ခေါ် အာနိသင် ထက်မြက်လွန်းသည့် အဆိပ်ဓာတုပစ္စည်း တစ်မျိုးကို အသုံးပြု သွားခဲ့ကြောင်း မလေးရှားရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်း၏ ဖအေတူ မအေကွဲ အစ်ကိုဖြစ်သူ ကင်မ်ဂျုံနမ်မှာ ဖေဖော်ဝါရီ ၁၃ ရက်က မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ လေဆိပ်တွင် လုပ်ကြံခြင်းခံခဲ့ရသည်။ အဆိုပါ လုပ်ကြံမှုကို ကင်မ်ဂျုံအန်း ကိုယ်တိုင် စီစဉ် အမိန့်ပေးခဲ့ကြောင်း စွပ်စွဲမှုများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသည်။

မလေးရှား ရဲတပ်ဖွဲ့သည် ကင်မ်ဂျုံနမ်၏ မျက်နှာကို အနီးကပ် အဆိပ်ဖြင့် ပက်သွားသည့် အမျိုးသမီး နှစ်ဦး အပါအဝင် သံသယရှိသူ အချို့ကို ဖမ်းဆီးထားပြီး မြောက်ကိုရီးယား အေးဂျင့်ဟု ယူဆရသူ အချို့ကိုလည်း ဖြန့်ကျက် ရှာဖွေလျက်ရှိသည်။

မလေးရှား အဆိပ်သုတေသီများ၏ တွေ့ရှိချက်ကို ရဲတပ်ဖွဲ့က ကြေညာရာ၌ ကင်မ်ဂျုံနမ်သည် VX ခေါ် အာရုံကြောထိခိုက်စေသည့် ဓာတုအဆိပ် တစ်မျိုးကြောင့် သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။ အဆိုပါ ပစ္စည်း သည် ဆီသဖွယ် အနည်းငယ်ပြစ်သော သစ်စေးရောင် အရည်တစ်မျိုးဖြစ်ပြီး အနံ့၊ အရသာ လုံးဝမရှိဟု သိရသည်။

အဆိပ်မှာ ပြင်းထန်လွန်း၍ ခန္ဓာကိုယ် အရေပြားပေါ် ကျခဲ့လျှင်ပင် မိနစ်ပိုင်းအတွင်း လူတစ်ဦးကို သေဆုံး စေနိုင်သည်။ ထို့အပြင် စစ်ရေးလက်နက်အဖြစ် ရည်ရွယ်ဖန်တီးသည့် ဓာတုအဆိပ်များထဲတွင် အပြင်းထန်ဆုံး အမျိုးအစား တစ်ခုဟုလည်း ယူဆနိုင်သည်။

VX သည် လူသား အရေပြားကို စိမ့်ဝင်ထိုးဖောက်ကာ အာရုံကြောများ၏ ပုံမှန်အလုပ်လုပ်မှုကို နှောင့်ယှက် တားဆီးကာ ကျန်းမာရေး ဖောက်ပြန်စေနိုင်သည်။ ယင်းကို ဖျန်းဆေးကဲ့သို့ ပုံစံမျိုးဖြင့်လည်း အသုံးပြု တိုက်ခိုက် နိုင်ကြောင်း သိရသည်။

ကင်မ်ဂျုံနမ်၏အလောင်းတွင် မျက်နှာနှင့် မျက်လုံးတို့၌ ဓာတုအဆိပ် အကြွင်းအကျန်များကို ဓာတုဗေဒ ပညာရှင် များက ရှာတွေ့ခဲ့ကြောင်း မလေးရှားရဲတပ်ဖွဲ့ အကြီးအကဲ ခါလစ်ဒ် အဘူဘေကာက ပြောကြားခဲ့သည်။ သို့သော် အခြားအချက်အလက်များကို ဆက်လက် စစ်ဆေးနေဆဲဟုလည်း ဆိုသည်။

လတ်တလောတွင် မြောက်ကိုရီးယားက မလေးရှား အစိုးရ အနေဖြင့် မိမိတို့ နိုင်ငံသား တစ်ဦး၏ အလောင်းကို ခွင့်ပြုချက် မရဘဲ ရင်ခွဲစစ်ဆေးခြင်းအတွက် ကန့်ကွက်ကြောင်း ကြေညာထားပြီး ကင်မ်ဂျုံနမ်၏ အလောင်းကို အမြန်ဆုံး ပြန်လည် လွှဲအပ်ပေးရန် တောင်းဆိုထားသည်။ (ဘီဘီစီ)