Facebook ၏ ဆိုလာစွမ်းအင်သုံး အင်တာနက်ဒရုန်း ပထမဆုံးအကြိမ် စမ်းသပ်ပျံသန်း

အရွယ်ကြီးမားသော ဒရုန်း၏အမည်မှာ Aquila ဖြစ်ပြီး ၎င်းကို ဝေဟင်တွင် မိနစ် ၉၀ ကြာ အောင်မြင်စွာ စမ်းသပ် ပျံသန်းနိုင်ခဲ့သည်။ ပျံသန်းချိန်သည် မူလအစီအစဉ်ထက် ၃ ဆ ပိုမိုကြာမြင့်ကြောင်း Facebook မှ ပြောကြား ခဲ့သည်။

Internet Drone

Aquila ကို ၂၀၁၅ ခုနှစ် မတ်လတွင်ကျင်းပခဲ့သော F8 ကွန်ဖရင့်စ်တွင် မိတ်ဆက်ကြေညာခဲ့သည်။ လူလိုက်ပါခြင်း မရှိသော အဆိုပါဒရုန်း၏ အဓိကရည်ရွယ်ချက်မှာ ကမ္ဘာပေါ်တွင် အင်တာနက်အသုံးပြုနိုင်ခြင်းမရှိသော လူ ၄ ဘီလျံထံသို့  အင်တာနက်ထောက်ပံ့ပေးရန် ဖြစ်သည်။

ဒရုန်း၏ အကျယ်သည် ဘိုးအင်း ၇၄၇ နှင့်နှိုင်းယှဉ်နိုင်ပြီး ပင်လယ်အမြင့်ပေ ၆၀,၀၀၀ မှ ၉၀,၀၀၀ အကြား သုံးလကြာ ပျံသန်းနိုင်ရန် ဖန်တီးတည်ဆောက်ထားသည်။ ၎င်းသည် အရွယ်ကြီးမားပြီး သတ်မှတ်ကာလအတွင်း ပျံသန်းနိုင်စေရန် ရည်ရွယ်ထားသော်လည်း hairdryer တစ်ခု သို့မဟုတ် microwave တစ်ခုကဲ့သို့သာ စွမ်းအင် သုံးစွဲမည်ဖြစ်သည်။

နေရောင်ခြည်စွမ်းအင်သုံး ကာဘွန်ဖိုက်ဘာဒရုန်းများတွင် မြေပြင်ပေါ်သို့ အင်တာနက်ချိတ်ဆက်မှုများ ထောက်ပံ့ ရန်အတွက် လေဆာများကို အသုံးပြုထားသည်။ ချိတ်ဆက်မှုများမှာ အလွန်လျင်မြန်မည်ဖြစ်ပြီး တစ်စက္ကန့်လျှင် gigabytes ထောင်ပေါင်းများစွာ ထောက်ပံ့ပေးနိုင်ကြောင်း သိရသည်။

“ဆိုလာစွမ်းအင်သုံး လေယာဉ်တစ်စင်းဖြစ်တဲ့ Aquila ကို ဝေးလံခေါင်ဖျားတဲ့ဒေသမှာရှိတဲ့ လူသန်းပေါင်းများစွာထံ အင်တာနက်ချိတ်ဆက်မှု ရရှိစေဖို့အတွက် အသုံးပြုနိုင်ပါတယ်။ အားလုံးအပြီးသတ်ပြီးစီးတဲ့အခါမှာ Aquila က မိုင် ၆၀ ပတ်လည်မှာရှိတဲ့ လူတွေထံ လျင်မြန်တဲ့အင်တာနက်ကို အမြင့်ပေ ၆၀,၀၀၀ ကျော်ကနေ လေဆာ ဆက်သွယ်မှုတွေ အသုံးပြုပြီး ထောက်ပံ့ပေးသွားမှာပါ” ဟု ကုမ္ပဏီ၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြခဲ့သည်။

Internet Journal


Leave a Reply