ဆီးရီးယားတွင် ရုရှားစစ်ရဟတ်ယာဉ်တစ်စီး ဒုံးကျည်ထိမှန်ပြီး ပျက်ကျ

fdsfwe

ဆီးရီးယားတွင် ရုရှား ရဟတ်ယာဉ်တစ်စီး ဒုံးကျည်ဖြင့် ပစ်ချခံရပြီး လူ ၅ ဦး သေဆုံးသွားကြောင်း ရုရှားအစိုးရက ကြေညာခဲ့သည်။

ဆီးရီးယားတွင် ၂၀၁၅၊ စက်တင်ဘာမှစ၍ လေကြောင်းထိုးစစ်များ စတင်ခဲ့သည့်နောက်ပိုင်း ယခုဖြစ်ရပ်သည် ရုရှားအတွက် အကြီးမားဆုံး ထိခိုက်မှုလည်း ဖြစ်ခဲ့သည်။ ထောက်ပံ့ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် Mi-8 ရဟတ်ယာဉ်တစ်စီးသည် အစ်ဒ်လစ်ဘ်ခရိုင်ရှိ အခြေစိုက် စခန်းသို့ ပြန်လာနေစဉ် ပစ်ချခံခဲ့ရကြောင်း ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာသည်။ အဆိုပါ ရဟတ်ယာဉ်သည် အေလက်ပိုမြို့သို့ ထောက်ပံ့ရေး ပစ္စည်းများ သွားရောက် ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်။

ဩဂုတ် ၁ ရက် ဖြစ်စဉ်တွင် ဒုံးကျည်ထိမှန်မှုကြောင့် ရဟတ်ယာဉ်ပေါ် လိုက်ပါလာသူ ၅ ဦးစလုံး သေဆုံးသွားသည်။ ရဟတ်ယာဉ် အပျက်အစီးများနှင့် မနီးမဝေးတွင် ဒုံးကျည်တောင့် အခွံတစ်ခုကို တွေ့ရှိရကြောင်း စစ်ဆေးရေး အရာရှိများက ဆိုသည်။ “ရဟတ်ယာဉ်ပေါ် ပါသွားသူအားလုံး သူရဲကောင်းဆန်ဆန် ကျဆုံးသွားပါတယ်။ သူတို့ဟာ နောက်ဆုံးအချိန်တွေမှာ ရဟတ်ယာဉ်ကို မြေပြင်ပေါ်က လူနေထူထပ်တဲ့ နေရာမျိုးမှာ ပျက်မကျရအောင် အစွမ်းကုန် ကြိုးစားသွားခဲ့ဟန် ရှိပါတယ်”ဟု ကရင်မလင် နန်းတော်၏ ပြောရေးဆိုခွင့်ရ အရာရှိ ဒီမီထရီ ပက်စ်ကော့ဗ်က ပြောကြားခဲ့သည်။

ရုရှားသည် ဆီးရီးယားတွင် အိုင်အက်စ်တို့ကို တိုက်ခိုက်နေသည်ဟု အကြောင်းပြထားသော်လည်း ၎င်းတို့၏ မဟာမိတ် သမ္မတ ဘာရှာအယ်လ် အာဆတ်ကို ဆန့်ကျင်သည့် အလယ်အလတ် သဘောထားရှိသော သူပုန်များကိုပါ ပစ်မှတ်ထားနေရာ ရန်သူပေါများလွန်းသည့် အခြေအနေ ဖြစ်နေသည်။ ယခုတိုက်ခိုက်မှုကို မည်သည့် အဖွဲ့အစည်းက ကျူးလွန်သည် ဆိုခြင်းကို တိတိကျကျ မသိရသေးချေ။

ဗီဒီယို မှတ်တမ်းများ၌ မီးတောက်လောင်နေသော ရဟတ်ယာဉ်ပျက် အနီးတွင် လူအတော်များများ စုရုံး အောင်ပွဲ ခံနေပြီး အချို့က ဓာတ်ပုံများ ရိုက်ယူနေသလို အလ္လာဟူအက္ကဘား (ဘုရားသခင်သည် ကြီးမြတ်ပေသည်)ဟု ကြွေးကြော်နေကြသည်ကိုလည်း တွေ့ရသည်။ ရဟတ်ယာဉ် ပစ်ချခံရမှုနှင့် ပတ်သက်၍ မည်သည့် အဖွဲ့အစည်းကမျှ တာဝန်ခံကြောင်း မကြေညာသလို ရုရှားကလည်း မည်သည့် စွပ်စွဲမှုမျှ မထုတ်ပြန်သေးဘဲ စုံစမ်းစစ်ဆေးမှုများသာ ပြုလုပ်နေဆဲဟု သိရသည်။

Ref: CNN


Leave a Reply