ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌဦးဌေးဦး စဥ့်ကိုင်မြို့နယ်အတွင်း မိုးသီးကြွေလေပြင်းတိုက်ခတ်ခြင်းများကြောင့် ပျက်စီးဆုံးရှုံးခဲ့သော ပြည်သူများအတွက် အလှူငွေနှင့်ထောက်ပံ့ပစ္စည်းများပေးအပ်

43755835-29042016

ပြည်ထောင်စုကြံ့ရေးနှင့် ဖွံ့ဖြိုးရေးပါတီဒုတိယဥက္ကဋ္ဌ ဦးဌေးဦး သည် ယခုလ ၂၅ ရက် နံနက် ၁၁ နာရီခွဲတွင် မန္တလေး တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးရဲမြင့်၊ မွေးမြူရေး၊ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနဝန်ကြီး(ငြိမ်း) ဒုတိယဗိုလ်ချုပ်ကြီးအုန်းမြင့်(ငြိမ်း)၊ မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီအတွင်းရေးမှူး ဦးဝင်းမောင်၊အလုပ်အမှုဆောင် ဦးသန်းထွန်း၊ ကျောက်ဆည်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ခေတ္တ အတွင်းရေးမှူး ဒေါ်သိင်္ဂီအောင်နှင့် အလုပ်အမှုဆောင်များ၊ စဥ့်ကိုင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးစိန်သောင်းနှင့် အလုပ်အမှုဆောင်များနှင့် အတူ ယခုလ ၂၂ ရက်တွင် မိုးသီးများ ကြွေကျခြင်း၊ လေပြင်းများတိုက်ခတ်ခြင်းကြောင့် ပျက်စီးဆုံးရှုံး ခဲ့သော စဥ့်ကိုင်မြို့နယ် ညောင်ပင်သာကျေးရွာရှိ အေးငြိမ်းသာယာ ခန်းမသို့ရောက်ရှိပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။ ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက မိမိအနေဖြင့် ယခုလ ၂၂ရက်က မိုးသီးများကြွေကျခြင်း၊ လေပြင်းများတိုက်ခတ်ခြင်းများကြောင့် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ်တို့၌ အဆောက်အအုံများ၊ စာသင်ကျောင်းများ၊ ဘုန်းကြီးကျောင်းများ ပျက်စီးဆုံးရှုံးခြင်း၊ လူနှင့်တိရစ္ဆာန်များ အသက်ဆုံးရှုံးပျက်စီးမှုများ ရှိသည်ဟု သိရကြောင်း၊ မိမိတို့ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေး ပါတီအနေဖြင့် စိတ်မကောင်းဖြစ်မိပါကြောင်း၊ ပျက်စီးဆုံးရှုံးမှု များအတွက် ထိုက်သင့်သည့် အထောက်အကူဖြစ်စေရန် လာရောက် လှူဒါန်းခြင်းဖြစ်ကြောင်း၊ မိမိတို့ပါတီအနေဖြင့် သဘာဝဘေး အန္တရာယ်ကျရောက်တိုင်း အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ခဲ့ကြောင်း၊ ယခုကဲ့သို့ စိတ်ဓာတ်ခိုင်မာစွာဖြင့် မူလအခြေအနေပြန်ရောက်ရှိအောင် ဝိုင်းဝန်းကြိုးစား ကြရန် တိုက်တွန်း အားပေးစကားပြောကြားသည်။ ၄င်းနောက် မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးရဲမြင့်၊ မွေးမြူရေး၊ ရေ လုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ဝန်ကြီး(ငြိမ်း) ဒုတိယဗိုလ်ချုပ်ကြီး အုန်းမြင့်(ငြိမ်း) တို့ကလည်း အသီးသီးအားပေး စကားပြောကြားသည်။ ထို့နောက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုဌာန ချုပ်နှင့် ပါတီမိတ်ဆွေစေတနာရှင်များက လှူဒါန်းသော အလှူငွေ ကျပ်သိန်း ၂ဝ နှင့် သွပ်အချပ် ၈ဝဝ အား ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီဒုတိယဥက္ကဋ္ဌ ဦးဌေးဦး၊ မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးရဲမြင့်နှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဟောင်း ဦးညီညီတို့က ပေးအပ်လှူဒါန်းရာ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီရပ်/ကျေး စည်းရုံးရေး မှူးတို့က လက်ခံရယူခဲ့ကြောင်း သိရသည်။


Leave a Reply