နိုင်ငံတော်သံဃမဟာနာယက(မဟန) ဆရာတော်များစုံညီ အစည်းအဝေးတွင် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့(မဘသ)အကြောင်း ထည့်သွင်းဆွေးနွေးခဲ့သော်လည်း ဆုံးဖြတ်ချက် မချနိုင်ခဲ့ဟုဆို

မဟာသဃာ့နာယက(မဟန) ဆရာတော်များ ၄၇ ပါးစုံညီအစည်းအဝေး ပထမနေ့ (ဇူလိုင် ၁၁) တွင် မဘသနှင့်ပတ်သက်ပြီး ထည့်သွင်းဆွေးနွေးခဲ့သော်လည်း ဆုံးဖြတ်ချက် ချမှတ်နိုင်ခြင်းမရှိသေး ကြောင်း သိရသည်။

မဘသအဖွဲ့နှင့်ပတ်သက်သည့် မဟနဆရာတော်များ၏ဆုံးဖြတ်ချက်ကို အစည်းအဝေး ဒုတိယနေ့ (ဇူလိုင် ၁၂) တွင် ဆုံးဖြတ်ချက်ချဖွယ်ရှိကြောင်း မဟနဆရာတော် တစ်ပါးထံမှ သိရသည်။

သံဃမဟာနာယက(မဟန) ဆရာတော်တစ်ပါးဖြစ်သည့် ရှင်တစ်ထောင်ဆရာတော် ဒေါက်တာအရှင် တေဇောသာရာဘိဝံသက ” မဘသနဲ့ပတ်သက်ပြီး အဲ့ဒါကတော့ ဆုံးဖြတ်ချက်မချရသေးဘူး။ ထည့် သွင်းတော့ ဆွေးနွေးထားတယ်။ မနက်ဖြန်လောက် ဆုံးဖြတ်ချက်ချမယ်” ဟု ဇူလိုင် ၁၁ ရက် ညနေ ပိုင်းတွင်ပြောသည်။

နိုင်ငံတော်သံဃမဟာနာယက (မဟန) ၄၇ ပါး စုံညီလေးလပတ် အစည်းအဝေးကို ဇူလိုင် ၁၁ ရက်မှ ၁၄ ရက်အထိ ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်နေခြင်းဖြစ်ပြီး ၀ိနိစ္ဆယအရေး၊ သာသနာရေးနှင့် ပညာရေးတို့ကို ဆွေးနွေးလျက်ရှိကြောင်း သိရသည်။

ဒေါက်တာအရှင်တေဇော သာရာဘိဝံသက မဘသနှင့်ပတ်သက်ပြီး မိန့်ကြားရာတွင် ” နံပတ် ၁ က ဂိုဏ်းပေါင်းစုံက ဆင်းသက်လာတာ။ အဲ့ဒါက မဟုတ်ဘူး။ ဂိုဏ်းပေါင်းစုံတုန်းက ဒီအကြောင်းတွေ မပါခဲ့ဘူး။ နောက်ပြီးတော့လည်း သံဃာ့စည်းမျဉ်းဥပဒေတို့၊ ညွှန်ကြားလွှာတို့ လက်စွဲတို့နဲ့အညီလုပ် တယ်ဆိုတာလည်း အဲ့ဒါလည်း အဲ့ဒီနှစ်ချက်တော့ မဟုတ်ဘူးလို့တော့ ဒီလိုသုံးသပ်ကြတယ်။ အဲ့ဒီလောက်ပဲ အကြမ်းဖျင်းပဲသိတယ်။ မြန်မာနိုင်ငံမှာ မှီတင်းနေထိုင်တဲ့သံဃာ မှန်သမျှသည် သံဃာ့ စည်းမျဉ်းအောက်မှာပဲရှိရမယ်” ဟုမိန့်သည်။

အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ) အဖွဲ့ မလိုအပ်ပါဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောကြားခဲ့မှုအပေါ် မဘသ(ဗဟို) ဦးဆောင်ဆရာတော်များက ဇူလိုင် (၇) ရက်တွင် အင်းစိန်မြို့နယ်၊ ရွာမပရိယတ္တိစာသင်တိုက်တွင် အထူးအစည်းအဝေးပြုလုပ်အပြီး သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

ယင်းသတင်းစာရှင်းလင်းပွဲတွင် မဘသအဖွဲ့မလိုအပ်တော့ဟု ပြောကြားခဲ့သော ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့်ပတ်သက်ပြီး တာဝန်ယူဖြေရှင်းပေးရန် သမ္မတဦးထင်ကျော်နှင့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ထံ မေတ္တာရပ်ခံလွှာပေးပို့ သွားမည်ဖြစ်ကြောင်း၊ ဇူလိုင် ၁၄ ရက် နောက်ဆုံးထား ဖြေရှင်းပေးရန်နှင့် တစ်ပတ်အတွင်း ဖြေရှင်းမပေးပါက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ပြီး လက်မှတ်ရေးထိုးကောက်ခံမည့် လှုပ်ရှားမှုများကိုပါ ပြုလုပ်မည်ဖြစ် ကြောင်း မဘသဦးဆောင်ဆရာတော် ဦးဝီရသူကမိန့်သည်။

Democracytoday


Leave a Reply