တောင်ကိုရီးယားတွင် အမေရိကန်၏ ဒုံးကျည် ကာကွယ်ရေးစနစ် ဖြန့်ကျက်သွားရန် သဘောတူညီမှုရရှိ

vegrtg

အငြင်းပွားဖွယ် အခြေအနေများ ရှိခဲ့သော်လည်း အမေရိကန်၏ ဒုံးခွင်းဒုံး ကာကွယ်ရေး စနစ်တစ်ရပ် တောင်ကိုရီးယား တွင် ဖြန့်ကျက်ထားရန် နှစ်နိုင်ငံ အစိုးရချင်း သဘောတူညီမှု ရရှိခဲ့ပြီဟု သိရသည်။ မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုများကို တုံ့ပြန်ရန် ရည်ရွယ်ချက် တစ်ခုတည်းဖြင့် ဝေဟင်အမြင့်မှ ပျံသန်းလာသည့် ဒုံးကျည်များကို ကြားဖြတ် ဟန့်တား ပစ်ချနိုင်သည့် THAAD ဒုံးကျည် ကာကွယ်ရေး စနစ်ကို တောင်ကိုရီးယားတွင် ဖြန့်ကျက် သွားမည်ဖြစ်ကြောင်း တောင်ကိုရီးယား စစ်ဘက်က ကြေညာသည်။

တောင်ကိုရီးယားတွင် THAAD ဒုံးကျည်ကာကွယ်ရေး စနစ်ကို ဖြန့်ကျက်ခြင်းသည် အမေရိကန်က ၎င်းတို့ကိုပါ ခြိမ်းခြောက်နိုင်သည့် အနေအထား ရှိလာစေမည်ဟု တရုတ်က ယူဆထားသည်။ အဆိုပါ ကိစ္စကို လအတန်ကြာ ညှိနှိုင်းခဲ့ပြီးနောက် ယခုအခါ သဘောတူညီမှု ရရှိသွားပြီ ဖြစ်သည်။ မြောက်ကိုရီးယားက ဒုံးကျည်စမ်းသပ်မှုများ ခပ်စိပ်စိပ် ပြုလုပ်လာသည့်နောက် တောင်ကိုရီးယားက အမေရိကန်၏ ဒုံးခွင်းဒုံး စနစ်ကို အရှိန်မြှင့် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

THAAD စနစ်သည် မြောက်ကိုရီးယား၏ ဒုံးကျည်များကို ထောက်လှမ်းနိုင်သလို ကြားဖြတ် ဟန့်တား ပစ်ချနိုင်သည့် စွမ်းရည်လည်း ရှိသည်။ တရုတ်ကမူ ယင်းဒုံးကျည်ကာကွယ်ရေး စနစ်သည် မိမိတို့ အပါအဝင် ဒေသတစ်ခုလုံး၏ လုံခြုံရေး ကဏ္ဍကို ထိပါးစေနိုင်ကြောင်း စွပ်စွဲသဖြင့် အငြင်းပွားမှုများလည်း ရှိခဲ့သည်။

“THAAD ဒုံးကျည်ကာကွယ်ရေး စနစ်ကို ဖြန့်ကျက်သွားဖို့ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ သဘောတူ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါဟာ တောင်ကိုရီးယား နိုင်ငံရဲ့ လုံခြုံရေးကို အာမခံဖို့ ရည်ရွယ်ချက် တစ်ခုတည်း အတွက်သာ ဖြစ်ပါတယ်။ ဖြန့်ကျက်မှုကို ဖြစ်နိုင်သမျှ အမြန်ဆုံး အကောင်အထည် ဖော်သွားမှာပါ”ဟု တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ဇူလိုင် ၈ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

အမေရိကန်က မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းကို အမည်ပျက် စာရင်းသွင်းပြီး ပိတ်ဆို့ အရေးယူခဲ့ခြင်းကို မြောက်ကိုရီးယားက ကန့်ကွက်ခဲ့ပြီး ယင်းသည် မိမိတို့ကို စစ်ကြေညာခြင်းဟု ယူဆကြောင်း တုံ့ပြန် ခြိမ်းခြောက်ခဲ့သည့်နောက် ယခုသဘောတူညီချက်ကို တောင်ကိုရီးယား စစ်တပ်က ကြေညာခဲ့ခြင်း ဖြစ်သည်။

အမေရိကန်သည် ယခင်က မြောက်ကိုရီးယားမှ လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်း အချို့ကို ပိတ်ပင်မှုများ ပြုလုပ်ခဲ့ သော်လည်း ကင်မ်ကိုမူ ယခုအခါတွင်မှ ပထမဆုံးအကြိမ် ပိတ်ဆို့မှုစာရင်း သွင်းခဲ့ခြင်းဟု သိရှိရသည်။

Ref: Reuters


Leave a Reply