တက္ကသိုလ်ပထမနှစ် (နေ့သင်တန်း) တက်ရောက်မည့် ကျောင်းသား ကျောင်းသူများ ပညာသင် ထောက်ပံ့ကြေး လျှောက်ထားနိုင်

တက္ကသိုလ်ပထမနှစ် (နေ့သင်တန်း) တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများအတွက် ပညာသင်ထောက်ပံ့ကြေး ပေးအပ်သွားမည်ဖြစ်သောကြောင့် သက်ဆိုင်ရာ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၌လျှောက်ထားနိုင်ကြောင်း ရန်ကုန်မြို့ သထုံလမ်းရှိ အဆင့်မြင့်ပညာ ဦးစီးဌာန (အောက်မြန်မာပြည်) မှ သိရသည်။

ထို့ကြောင့် တက္ကသိုလ်များ၌ ပထမနှစ် (နေ့သင်တန်း) တက်ရောက်နေသော ကျောင်းသား၊ ကျောင်းသူများသည် အဆိုပါပညာသင်ထောက်ပံ့ကြေးရယူလိုပါက မိမိတက်ရောက်ရာ တက္ကသိုလ် တွင် လျှောက်လွှာထုတ်ယူဖြည့်စွက်ပြီး မိမိနေထိုင်သည့် မြို့နယ်ရှိ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး များ၌ လျှောက်ထားရမည်ဖြစ်ကြောင်း၊ ပညာသင်ထောက်ပံ့ကြေးအဖြစ် တစ်လလျှင် ငွေကျပ် သုံးသောင်းနှုန်းဖြင့် ၁ဝ လစာ ငွေကျပ် သုံးသိန်းရရှိမည်ဖြစ်သည်။

”ငွေကျပ် သုံးသောင်းနှုန်းကတော့ နည်းတော့နည်းတာပေါ့။ ဒါပေမဲ့ မရတာထက်စာရင်တော့ တော်ပါ သေးတယ်။ လမ်းစရိတ်လောက်တော့ ကာမိမှာပါ” ဟု ရန်ကုန် အရှေ့ပိုင်း တက္ကသိုလ်၌ ပညာသင်ယူ နေသောကျောင်းသူတစ်ဦး က ပြောသည်။

ကျောင်းသို့ လိုင်းကားဖြင့်သွားပါက တစ်ရက်အသွားအပြန် ကုန်ကျစရိတ်မှာ ငွေကျပ် တစ်ထောင် ဝန်းကျင်ရှိပြီး တခြားကုန်ကျစရိတ်များလည်း ရှိကြောင်း သိရသည်။

Myawady Daily


Leave a Reply