ဒဏ်ရာရကစားသမား များပြားနေသော်လည်း ဗီလာရီးရဲလ်နှင့်ပွဲ လီဗာပူးတိုက်ပွဲဝင်သွားမည်

4984987025

ယူရိုပါလိဂ်အကြို ဗိုလ်လုပွဲ ပထမအကျော့တွင် ဒဏ်ရာရ ကစားသမားများပြားနေသော်လည်း ဗီလာရီးရဲလ်ကွင်း၌ အစွမ်းကုန် တိုက်ပွဲဝင်သွားမည်ဟု လီဗာပူးနည်းပြ ဂျာဂန်ကလော့ပ် က ပြောကြားသည်။ လီဗာပူးအသင်းတွင်ဒဏ်ရာ ပြဿနာများကြောင့် ပထမဦးစားပေးကစားသမား အများအပြား ဗီလာရီးရဲလ်နှင့် ပွဲတွင် ပါဝင်နိုင်မည် မဟုတ်ပေ။

သို့သော် လီဗာပူး၏ အခွင့်အရေးနှင့်ပတ်သက်၍ ကလော့ပ် က အကောင်းဘက်က ရှုမြင်ပြီး ပွဲများပြားခြင်းနှင့် ဒဏ်ရာ ပြဿနာ များမှာ ကြီးမားသော အတားအဆီးမဟုတ်ဟု ရှုမြင်နေသည်။

‘‘အရှိန်ရနေတယ်ဆိုတာ အကောင်းဆုံး အသင်းသားတွေ ကစားဖို့ အဆင်သင့်ဖြစ်နေတာ မဟုတ်ပါဘူး။ အရှိန်ဆိုတာတိုက် ပွဲဝင်ဖို့ အသင့်ရှိနေတာပါ’’ဟု ကလော့ပ်က ပြောကြားပြီး ဗီလာရီးရဲလ်သည်လည်း ပွဲကျပ်နေပြီး ချန်ပီယံလိဂ်ဝင်ရေး တိုက်ပွဲဝင် နေရသည်ဟု ကလော့ပ်က ပြောသည်။

လီဗာပူးအသင်းတွင် အမ်မရီကန်(ခြေချင်းဝတ်)၊ ဂျိုးဂိုမက်ဇ် (ဒူး)၊ ဟန်ဒါဆန် (ဒူး)၊ အိုရီဂီ (ခြေချင်းဝတ်)၊ ဒန်နီအင်းဂ်စ် (ဒူး)ဒဏ်ရာတို့ဖြင့် ပါဝင်နိုင်မည် မဟုတ်ပေ။ ဒဏ်ရာမှ ပြန်သက်သာလာသော ဘန်တီကီကို ကလော့ပ်က အသင်း လူစာရင်း၌ ထည့်သွင်းထားသည်။

ဗီလာရီးရဲလ်သည်လည်း ၎င်းတို့အတွက် ဥရောပပြိုင်ပွဲတစ်ခု၏ ဗိုလ်လုပွဲသို့ ပထမဆုံးအကြိမ် တက်ရောက်ရန် စိတ်အားထက်သန်နေသည်။  ‘‘ဗီလာရီးရဲလ်ဟာ အကြိမ် အနည်းငယ် တော်တော်လေး နီးစပ်ခဲ့ပေမယ့် လွဲချော်ခဲ့တယ်။ ဒီတစ်ခါတော့ ဗိုလ်လုပွဲရောက်ဖို့ ကျွန်တော်တို့အားလုံး စိတ်ပိုင်း ဖြတ်ထားတယ်’’ဟု ယမန်နှစ်က ဆီဗီလာနှင့် ယူရိုပါလိဂ်ဖလား ရယူခဲ့ပြီး ဗီလာရီးရဲလ်သို့ ရောက်ရှိနေသူ ကွင်းလယ်လူ ဒင်းနစ်ဆွာ ရက်ဇ်က ပြောသည်။  – Ref;Goal


Leave a Reply