ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးပိုးရယ်အောင်သိန်း သဘာဝဘေးအန္တရာယ်ကြောင့် နေအိမ်များ ပျက်စီးဆုံးရှုံးခဲ့သည့် မိသားစုများအား သွားရောက်လှူဒါန်း

 

ဒီးမော့ဆို ဇွန် ၉

မေ ၂၁ ရက် ညပိုင်းတွင် မိုးရွာသွန်းပြီး လေပြင်းမုန်တိုင်းတိုက်ခတ်ကာ သဘာဝဘေးအန္တရာယ်ကြောင့် နေအိမ်များ ပျက်စီးဆုံးရှုံးခဲ့သည့် ဒီးမော့ဆိုမြို့နယ် နန်းမယ်ခုံမြို့ မြို့မကယန်းရပ်ကွက်ရှိ အိမ်ထောင်စု ၈၃ စုအား ယမန်နေ့ မွန်းလွဲ ၁ နာရီမှ ၁ နာရီခွဲအထိ မြို့မကယန်း ခန်းမဆောင်၌ လည်းကောင်း၊ မွန်းလွဲ ၂ နာရီခွဲမှ ၃ နာရီအထိ ဒီးမော့ဆို မြို့နယ် အိုကေကျေးရွာအုပ်စု သာယပ်ကျေးရွာရှိသာယပ်ကျေးရွာ ခန်းမဆောင်၌ အိမ်ထောင်စု ၁ဝ၄ စုအားလည်းကောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ကယားပြည်နယ် ပါတီဥက္ကဋ္ဌ ဦးပိုးရယ်အောင်သိန်း ဦးဆောင်ပြီး ပြည်နယ်အတွင်းရေးမှူး ပြည်နယ်ကော်မတီဝင် များ၊ ရေးရာအလိုက် တာဝန်ခံများ၊ လွိုင်ကော်ခရိုင် လွိုင်ကော်မြို့နယ်နှင့် ဒီးမော့ဆိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ကော်မတီဝင်များ၊ ပါတီလူငယ်ရေးရာနှင့် အမျိုးသမီးရေးရာ တာဝန်ခံများ လိုက်ပါလျက် လေဘေးသင့်အိမ်ထောင်စုများကို ဆန်၊ ဆီ၊ ဆား၊ ဆပ်ပြာနှင့် အချိုရည်များ အသီးသီး သွားရောက် ပေးအပ်လှူဒါန်း ခဲ့သည်။ လှူဒါန်းပစ္စည်းတန်ဖိုး စုစုပေါင်း ငွေကျပ် နှစ်ဆယ့်ခုနစ်သိန်းကျော် (၂၇၅ဝဝဝဝ) ဖြစ်ကြောင်း၊ ယင်းသို့ ပေးအပ်လှူဒါန်းရာတွင် ပထမဦးစွာ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ကယား ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးပိုးရယ်အောင်သိန်းက လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ဦးစွာရှင်းလင်း တင်ပြပြီး ပါတီအဆင့်ဆင့် တာဝန်ရှိပုဂ္ဂိုလ်များက လေဘေးသင့်အိမ်ထောင်စု အသီးသီးအား လှူဒါန်းပစ္စည်းများကို ပေးအပ်ခဲ့သည်။

ယင်းသို့သွားရောက်ရာတွင် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ကယားပြည်နယ် ပါတီဥက္ကဋ္ဌ ဦးပိုးရယ် အောင်သိန်း၊ အတွင်းရေးမှူး ဦးကျော်မြင့်၊ ပြည်နယ် ကော်မတီဝင်များ၊ ပြည်နယ်လူငယ်ရေးရာ တာဝန်ခံနှင့် ဒုတာဝန်ခံ၊ ပြည်နယ်အမျိုး သမီးရေးရာတာဝန်ခံ လွိုင်ကော်ခရိုင်ပါတီ ကော်မတီဝင်နှင့် ခရိုင်အမျိုးသမီးရေးရာ တာဝန်ခံ၊ လွိုင်ကော်မြို့နယ် ပါတီဥက္ကဋ္ဌ ဦးမောင်ရွှေနှင့် မြို့နယ်အမျိုးသမီးရေးရာ တာဝန်ခံ၊ ဒီးမော့ဆိုမြို့နယ် ပါတီဥက္ကဋ္ဌ ဒေါ်မေရီယန်၊ အတွင်းရေးမှူးနှင့် မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရေးရာတာဝန်ခံများ၊ လေဘေးသင့် အိမ်ထောင်စုများ တက်ရောက်ကြပြီး မြို့မကယန်းခန်းမဆောင်နှင့် သာယပ်ကျေးရွာ ခန်းမဆောင်တို့၌ ကျင်းပ ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ဖားဆောင်းမြို့နယ် လေဘေးသင့်အိမ်ခြေ ၂ဝ နှင့် လွိုင်ကော်မြို့နယ် လေဘေးသင့် အိမ်ခြေများသို့လည်း ဆက်လက်လှူဒါန်း သွားမည်ဖြစ်ကြောင်း သိရသည်။

မမောင်(ချိကယ်သူ)