“လေးနိုင်ငံ ခရီးစဉ်ဒေသတစ်ခု” ထုတ်ဖော်ရေး ညီလာခံကို ဇူလိုင်လတွင် ကျင်းပမည်

ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်၊ မြန်မာနိုင်ငံများအကြား “လေးနိုင်ငံခရီးစဉ်ဒေသတစ်ခု” ( Four Nations-One Destination ) ထုတ်ဖော်ရေးညီလာခံကို ဇူလိုင်လ (၃ဝ) ရက်မှ သြဂုတ်လ (၁) ရက်အထိ ရန်ကုန်မြို့ရှိ HAGL Hotel ၌ မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် ကျင်းပမည်ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနထံမှ သိရသည်။

“အဓိကကတော့ လေးနိုင်ငံကြားခရီးစဉ်တစ်ခု ဖော်ထုတ်တဲ့အခါမှာ ကဏ္ဍအသီးသီးက ဆွေးနွေးမှုတွေ ပါလိမ့် မယ်။ လေးနိုင်ငံအကြား ခရီးသည်ပိုမိုဝင်ရောက်လာဖို့ ဆွေးနွေးမှုတွေလုပ်မှာပါ” ဟု ပြည်တွင်းပြည်ပ ဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်ထွေးက ဆိုသည်။

အဆိုပါကွန်ဖရင့်ကို CLMV အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် နိုင်ငံများအကြား ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်နှင့် CLMV လေးနိုင်ငံကို ခရီးစဉ်ဒေသတစ်ခုအဖြစ် ဈေးကွက်မြှင့်တင်ခြင်း၊ ရိုးရာအစားအစာများနှင့် ယဉ်ကျေးမှုအနုပညာများကို အဓိကဖလှယ်မှုများပြုလုပ်ရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနထံမှ သိရသည်။

ယင်းညီလာခံတွင်သို့ CLMV အဖွဲ့ဝင်နိုင်ငံများမှ ခရီးသွားလုပ်ငန်းဆိုင်ရာ ဝန်ကြီးများအပြင် ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေး၊ ဆောက်လုပ်ရေး၊ စိုက်ပျိုးရေး၊ ဆက်သွယ်မှု နည်းပညာနှင့် ခရီးသွားလုပ်ငန်း ကဏ္ဍတွင် အဓိက လုပ်ကိုင် ဆောင်ရွက်လျက်ရှိသော လေးနိုင်ငံအကြားရှိ ခရီးသွားအေဂျင်စီများနှင့် စီးပွားရေး အဖွဲ့အစည်းများ၏ ပူးပေါင်းဆွေးနွေးမှုများ ပါဝင်မည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ ခရီးသွားကဏ္ဍ တိုးတက်ရေးအတွက် လူသားအရင်းအမြစ်ကဏ္ဍမှာ အဓိကလိုအပ်ချက်ဖြစ်နေ ကြောင်း၊ ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းရှင်များအကြား ပြောဆိုမှုများရှိနေပြီး ခရီးသည် လည်ပတ်မှုခရီးစဉ် အသစ်များနှင့် လာရောက်လည်ပတ်သည့် နေရာဒေသများကို အဆင့်မြှင့်တင်မှုပြုလုပ်ရန် လိုသေးကြောင်း ဝါရင့် ဧည့်လမ်းညွှန်များက အကြံပြုပြောကြားသည်။

လက်ရှိ မြန်မာနိုင်ငံသို့ နိုင်ငံခြားခရီးသည် လည်ပတ်သည့်ရက်မှာ ပျမ်းမျှ ၁၁ ရက်ရှိပြီး ဧည့်သည်တစ်ဦးလျှင် နေ့စဉ်ပျမ်းမျှ အသုံးစရိတ် ဒေါ်လာ ၁၇ဝ ရှိကြောင်း၊ မြန်မာနိုင်ငံသို့ ယခုနှစ်အတွင်း ဝင်ရောက်သည့် ခရီးသည် ၄ ဒသမ ၆၈ သန်းကျော် ရှိပြီဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနထံမှ သိရသည်။

The Voice Weekly


Leave a Reply