စစ်ရှောင်များနေရပ်ပြန်ရန် တိကျသည့်သဘောတူမှုမရှိသေး၍ မိုင်းရှင်းလင်းရေး မဆောင်ရွက်ရသေး

စစ်ရှောင်များ နေရပ်ပြန်ရေး တိကျသည့် သဘောတူဆုံးဖြတ်မှု မရှိသေးသဖြင့် မိုင်းရှင်းလင်းရေး မလုပ်ဆောင် ရသေးကြောင်း ကချင်လက်နက်ကိုင်အဖွဲ့ (KIA) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူကပြောသည်။ တပ်မတော်နှင့် ကချင်လက်နက်ကိုင်အဖွဲ့ (KIA) အကြား ၂၀၁၁ ဇွန်လကစ၍ ဖြစ်ပွားခဲ့သော လက်နက်ကိုင် ပဋိပက္ခများကြောင့် ဒေသခံပြည်သူတစ်သိန်း နှစ်သောင်းကျော် သည် ကချင်နှင့် ရှမ်းပြည်နယ်ရှိ စစ်ဘေးရှောင် စခန်း ၁၆၀ ကျော်တွင် ခိုလှုံနေရကြောင်း ဒေသတွင်း လူမှုအဖွဲ့အစည်းများက ခန့်မှန်းသည်။ အရပ်ဘက် အဖွဲ့အစည်းများ၏ စာရင်းအရ အစိုးရထိန်းချုပ်နယ်မြေတွင် စစ်ဘေးဒုက္ခသည် ငါးသောင်းကျော်ရှိပြီး KIO ထိန်းချုပ်နယ်မြေတွင် စစ်ဘေးဒုက္ခသည် ခုနစ် သောင်းခန့်ရှိသည်။

‘‘ကြားကာလတို့၊ ဘာတို့ ရက်သတ်မှတ်တာတို့၊ တရားဝင် သတ်မှတ်တာတို့ မရှိဘူးပေါ့နော်။ စစ်ရှောင်တွေ အတွက်ကတော့ KIA ဘက်မှာ KIA တပ်အနေနဲ့ လည်း လုပ်ပါတယ်။ နောက်ပြီး တော့ မိုင်းကိစ္စကတော့ အခုစစ် ရှောင်ပြည်သူလူထုတွေရဲ့ ရွာကိုပြန်ဖို့ဆုံးဖြတ်ထားတာ သဘောတူထားတာ၊ အတိအကျဘာမှမရှိ တဲ့အခါကျ တော့ အဲဒီဘက်မှာ မိုင်းရှင်းဖို့ဆိုတဲ့ ကိစ္စကိုလည်း အခုဘာမှမလုပ်ရသေးဘူးဖြစ်နေတယ်’’ ဟု ဗိုလ်မှူးကြီးနော်ဘူ ကပြောသည်။

တပ်မတော်က KIA အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေး ဆိုင်ရာ ကိစ္စရပ်များဆွေးနွေးရန်ဟုဆိုကာ ၂၀၁၈ဒီဇင်ဘာ ၂၁ ရက်ကစ၍ လာမည့် ဧပြီ ၃၀ ရက်အထိ ကချင်ပြည် နယ်မြောက်ပိုင်း တိုင်းစစ်ဌာနချုပ် အပါအဝင် တိုင်းစစ်ဌာနချုပ်ငါးခုနယ်မြေတွင် စစ်ရေးလှုပ်ရှားမှု အားလုံးရပ်ဆိုင်း ပေးမည်ဟု ကြေညာထားသည်။