အဲဗာတန်နှင့်ပွဲတွင် အလွန်အကြူးအောင်ပွဲခံခဲ့သော လီဗာပူးနည်းပြ ကလော့ပ် ဒဏ်ငွေရိုက်ခံရ

အဲဗာတန်နှင့်မာဆေး ဆိုက်ဒါဘီပွဲ၌ နောက်ဆုံးမိနစ်တွင် အနိုင်ဂိုးရပြီးနောက် အလွန် အကြူး အောင်ပွဲခံခြင်းကြောင့် အက်ဖ်အေဘောလုံးအဖွဲ့ချုပ်က လီဗာပူးနည်းပြဂျာဂန်ကလော့ပ် ကို ပေါင်ငွေ ၈,၀၀၀ ဒဏ်ရိုက်ခဲ့သည်။

တနင်္ဂနွေနေ့က အဲဗာတန် ကို ၁-၀ ဂိုးဖြင့် နိုင်သောပွဲတွင် ဒီဖော့အိုရီဂီက နာကျင်အချိန်ပို ခြောက်မိနစ်၌ ဂိုးသွင်းယူ ပြီးနောက် ကလော့ပ်ကကွင်းအတွင်း ပြေးဝင်ကာ ဂိုးသမားအလီဆင် ကို ပွေ့ဖက်ခဲ့သည်။

သို့သော် ပွဲပြီးချိန်တွင် မိမိ၏ လုပ်ရပ်အတွက် နောင်တရမိကြောင်း ကလော့ပ်ကပြောကြားပြီး အဲဗာတန် နည်းပြ မာကိုဆေးလ်ဗားအား ချက်ချင်းတောင်းပန် ခဲ့သည်။ ယင်းနှင့်အတူ ဘောလုံးအဖွဲ့ချုပ်၏  မလျော်ကန်သော အပြုအမူစွဲချက်ကိုလည်း လက်ခံခဲ့သည်။

‘‘ဒဏ်ငွေကို မရှောင်လွှဲနိုင်ခဲ့ဘူး။ ကျွန်တော်ဒါမျိုးမလုပ်ချင်ပါဘူး။ ဒီလိုမျိုးထပ်မဖြစ်စေရပါဘူးလို့ ပြောနိုင်ပါတယ်’’ ဟု ကလော့ပ်က ပြောသည်။ မိမိအနေဖြင့် စည်းကမ်းကို လက်ခံရမည်ဖြစ်ပြီး အကယ်၍ယင်းသို့ စည်းမျဉ်းစည်းကမ်း မရှိပါက မန်နေဂျာ များက အပတ်စဉ်ထိုသို့လုပ်နေမည်ဖြစ်ကြောင်း ကလော့ပ်က ပြောသည်။

အဲဗာတန် မန်နေဂျာ မာကိုဆေးလ်ဗားကမူ ကလော့ပ်၏ အပြုအမူနှင့်ပတ်သက်၍ မည်သို့မျှ သဘောမထား ကြောင်း ပြောကြားခဲ့သည်။

 —Ref:Reuters