အမေရိကန်က နျူကလီးယားစာချုပ်လိုက်နာမှုနှင့်ပတ်သက်ပြီး ရုရှားကို ရက်ပေါင်း ၆၀ အချိန်ပေး

နျူကလီးယားလက်နက် သဘောတူညီချက်ကို လိုက်နာဖို့အတွက် ရုရှားကို ရက်ပေါင်း ၆၀ အချိန်ပေး လိုက်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ဒီဇင်ဘာ ၄ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

အမေရိကန်အနေနဲ့ ၁၉၈၇ ခုနှစ် နျူကလီးယားလက်နက် သဘောတူစာချုပ် (INF) ကနေ နုတ်မထွက်ခင် နောက်ဆုံးအနေနဲ့ သံတမန်နည်းလမ်း ကျင့်သုံးသင့်တယ်ဆိုပြီး ဂျာမနီဦးဆောင်တဲ့ နေတိုး မဟာမိတ်တွေက အမေရိကန် နိုင်ငံခြားရေးဝန်ကြီးကို ဖိအားပေးခဲ့ပါတယ်။

အပြန်အလှန်အားဖြင့် နေတိုးအဖွဲ့ဝင် နိုင်ငံခြားရေး ဝန်ကြီးတွေဟာ အမေရိကန်ကို ထောက်ခံတဲ့သဘောနဲ့ ရုရှားဟာ စာချုပ်အတိုင်းလုပ်ဆောင်ဖို့ ပျက်ကွက်တယ်လို့ ကြေညာချက် ထုတ်ခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်ပီယိုက “ရုရှားဟာ တာလတ်ပစ် နျူကလီးယားလက်နက် သဘောတူစာချုပ် (INF) အတိုင်း လုပ်ဆောင်ဖို့ ပျက်ကွက်တာကို တွေ့ရှိရပြီး ရုရှားဘက်က အပြည့်အဝ ပြန်လည်လိုက်နာဖို့ ရက်ပေါင်း ၆၀ အချိန်ပေးသွားမှာ  ဖြစ်တယ်” လို့ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာ ပြောကြားလိုက်ပါတယ်။

ဒ့ါ့အပြင် ပွန်ပီယိုက ရုရှားရဲ့ SSC-8 ဒုံးကျည်ပစ်ခတ်စမ်းသပ်မှုတွေဟာ ဥရောပကို တိုက်ရိုက်ခြိမ်းခြောက်မှု ဖြစ်တယ်လို့လည်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။

—Ref: AFP