ယူကျူ့ဘ်ချန်နယ်မှာ ကစားစရာအကြောင်းပြောတဲ့ ဗီဒီယိုတွေတင်ပြီး ဒေါ်လာ ၂၂ သန်း ဝင်ငွေရှိနေတဲ့ ၇ နှစ်သား

ကလေးကစားစရာ အရုပ်များအကြောင်း မိတ်ဆက် သုံးသပ်သည့် ရွိုင်ယန်အမည်ရှိ အသက် (၈)နှစ်အရွယ် ကလေးတစ်ဦးသည် ပြီးခဲ့သည့်နှစ်က ဒေါ်လာ ၂၂ သန်းဖြင့် YouTube တွင် တစ်နှစ်တာ ဝင်ငွေအများဆုံး ကြယ်ပွင့်အဖြစ် ရပ်တည်ခဲ့သည်။

ဇွန်လအထိ ၁၂ လအတွင်း ရွိုင်ယန်၏ Ryan ToysReview ယူကျုဘ်ချန်နယ်သည် အမေရိကန် ဆယ်ကျော်သက် ဂျိတ်ခ် ပေါလ် (၂၁)နှစ်ထက် ဒေါ်လာ ငါးသိန်း ပိုရခဲ့ကြောင်း Forbes မဂ္ဂဇင်းက ထုတ်ပြန်သည်။

Dude Perfect ချန်နယ်က ဒေါ်လာ သန်း ၂၀ ဖြင့် တတိယနေရာတွင် ရပ်တည်ခဲ့ပြီး ရွိုင်ယန် ၏ ဝင်ငွေသည် ၂၀၁၆ နှင့် နှိုင်းယှဉ်လျှင် နှစ်ဆတိုးခဲ့သည်။

ကလေးများအနေဖြင့် ၎င်း၏  ဗီဒီယိုများ ကြည့်ရှုရခြင်းကို မည်သည့်အတွက်ကြောင့် ကြိုက်နှစ်သက်သလဲဟု NBC သတင်းအေဂျင်စီက မေးမြန်းရာ ရွိုင်ယန်က ‘‘ဘာလို့လဲဆိုတော့ ကျွန်တော်က ဖျော်ဖြေပေးနေတာလေ။ ပြီးတော့ ကျွန်တော်က ရယ်စရာကောင်းလို့ပါ’’ဟု ဖြေကြားသည်။ Ryan ToysReview ယူကျုဘ်ချန်နယ်ကို ၎င်း၏ မိဘများက ၂၀၁၅ မတ်လတွင် ထူထောင်ပြီးနောက်ပိုင်း ယင်းချန်နယ်သို့ ဝင်ရောက်ကြည့်ရှုသူ ၂၅ ဘီလီယံ ကျော်ရှိပြီး Follower ၁၇ ဒသမ ၃ သန်းခန့်ရှိသည်။

ရွိုင်ယန်၏ ဖခင်သည် ဂျပန် လူမျိုးဖြစ်ပြီး မိခင်သည် ဗီယက်နမ်လူမျိုးဖြစ်သည်။

ရွိုင်ယန်သည် ကလေးတစ်ဦးသာဖြစ်သောကြောင့် ဝင်ငွေ ၁၅ ရာခိုင်နှုန်း ဘဏ်စာရင်းဖွင့် စုဆောင်းထားပြီး ယင်းကို ၎င်းအရွယ်ရောက်မှသာ အသုံးပြုနိုင်မည်ဖြစ်သည်။

Ryan ToysReview ယူ ကျုဘ်ချန်နယ်တွင် ရွိုင်ယန်၊ ၎င်း၏ မိဘနှင့်  ဝမ်းကွဲညီအစ်ကို မောင်နှမများက ပင်တိုင် တင်ဆက်သူများအဖြစ် ဆောင်ရွက်နေပြီး ကစားစရာအရုပ်မျိုးစုံ အကြောင်းကို မိတ်ဆက်သုံးသပ်ပေးနေသည်။

nextshark.com/bbc