ဆောက်သမ်တန်နည်းပြရာထူးကနေ မာ့ဟုခ်ျ ထုတ်ပယ်ခံရ

ပရီးမီးယားလိဂ်မှာ (၁၀)ပွဲဆက်နိုင်ပွဲပျောက်ဆုံးခဲ့ပြီးတဲ့နောက် နည်းပြမာ့ဟုခ်ျဟာ ဆောက်သမ်တန်နည်းပြ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။

ဆောက်သမ်တန်ဟာ ပြီးခဲ့တဲ့ စနေနေ့က မန်ယူနဲ့ သရေကျခဲ့ပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့်(၁၈) နေရာမှာ ရပ်တည်နေပါတယ်။ မာ့ဟုခ်ျဟာ ဆောက်သမ်တန်အသင်းကို (၈)လကြာ ကိုင်တွယ်အပြီးမှာ အခုလိုရာထူးကနေ ထုတ်ပယ်ခံခဲ့ရတာပါ။ ဗုဒ္ဓဟူးနေ့မှာ စပါးနဲ့ကစားမယ့်ပွဲကို ပထမအသင်းနည်းပြ ကယ်လ်ဗင်ဒေးဗစ် ကိုင်တွယ်သွားမှာပဲဖြစ်ပါတယ်။

မာ့ဟုခ်ျဟာ စတုတ်နည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရပြီးတဲ့နောက် (၂)လအကြာ ပြီးခဲ့တဲ့မတ်လက ဆောက်သမ်တန်နည်းပြအဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။ အဲဒီအချိန်တုန်းက ဆောက်သမ်တန် ဟာ တန်းဆင်းဇုန်ရဲ့ အထက်မှာ (၁)မှတ်အကွာနဲ့ ရပ်တည်နေပါတယ်။

အသက်(၅၅)နှစ်အရွယ် မာ့ဟုခ်ျဟာ ပြီးခဲ့တဲ့ရာသီက အသင်းကိုနောက်ဆုံး (၄)ပွဲမှာ (၂)ပွဲအနိုင်ရအောင် စွမ်းဆောင်ခဲ့ပြီး တန်းဆင်းဇုန်က လွတ်အောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း မာ့ဟုခ်ျ လက်ထက်မှာ ဆောက်သမ်တန်အသင်းဟာ ပရီးမီးယားလိဂ်(၂၂)ပွဲမှာ (၃)ပွဲသာ အနိုင်ရရှိခဲ့ပါတယ်။

-Ref: Skysports