ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဆိပ်ကြီးခနောင်တိုမြို့နယ် ဥက္ကဋ္ဌနှင့် ကော်မတီ ဝင်များအားတွေ့ဆုံ

ရန်ကုန်၊ ဒီဇင်ဘာ ၃

ပါတီဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံ ဦးခင်ရီနှင့် ပါတီဗဟိုအလုပ်အမှုဆောင် တိုင်းပါတီ ဥက္ကဋ္ဌ ဦးခင်မောင်စိုးတို့သည် ယမန်နေ့နံနက် ၁ဝ နာရီက ဆိပ်ကြီးခနောင်တိုမြို့နယ်သို့ သွားရောက်၍ မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ နှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်ကျေးဥက္ကဋ္ဌများ ကော်မတီဝင်များနှင့် တွေ့ဆုံခဲ့သည်။

တွေ့ဆုံပွဲသို့ ပါတီဗဟိုအလုပ်အမှုဆောင်များ ဖြစ်ကြသော ဦးခင်ရီနှင့် ဦးခင်မောင်စိုး၊ ပါတီဗဟိုကော်မတီဝင် တိုင်းပါတီအတွင်းရေးမှူး ဦးသာဝင်းနှင့် ဘဏ္ဍာရေးမှူး ဒေါ်အေးမင်းမိုး၊ ခရိုင်ပါတီအတွင်းရေးမှူးနှင့် ခရိုင်ပါတီ ကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ တက်ရောက်ကြသည်။

အစီအစဉ်အရ မြို့နယ်ပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ ရပ်ကျေးပါတီကော်မတီများမှ တစ်ဦးချင်း မိတ်ဆက်သည်။

ထို့နောက် ပါတီဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးက အမှာစကားပြောကြားရာတွင် ဆိပ်ကြီးခနောင်တို ပြည်ခိုင်ဖြိုးပါတီသည် အရွယ်စုံအလွှာစုံ ပါဝင်ဖွဲ့စည်းထားသည့်အတွက် ဖွဲ့စည်းမှုအား ကောင်းသည့် မြို့နယ်တစ်ခုဖြစ်ကြောင်း၊ သို့ဖြစ်၍ မြို့နယ်ကော်မတီဝင်များနှင့် ရပ်ကျေးပါတီဥက္ကဋ္ဌများသည် မြို့နယ်ပါတီကော်မတီဥက္ကဋ္ဌ၏ လုပ်ငန်းဖော်ဆောင်မှုများကို ကူညီဆောင်ရွက်ပေးကြဖို့လိုကြောင်း၊ သို့မှသာ ၂ဝ၂ဝ မှာ ပါတီ အောင်နိုင်မှုရရှိမှာဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ရန်ကုန်တိုင်းပြည်ခိုင်ဖြိုးပါတီတာဝန်ခံ ပါတီဗဟိုအလုပ်အမှုဆောင် ဦးခင်ရီက အမှာစကားပြောကြား ရာတွင် ယနေ့မြို့နယ်ပါတီဝင်များနှင့် လာရောက်တွေ့ဆုံရခြင်းမှာ ၂ဝ၂ဝ ပါတီ အောင်နိုင်ရေးအတွက် ကြိုတင် ဆောင်ရွက်ရမည့်လုပ်ငန်းများ မှာကြားရန် လာရောက်ခြင်းဖြစ်ကြောင်း၊ မိမိတို့ပါတီသည် အဘက်ဘက်မှ ပြည့်စုံသည့်ပါတီ ဖြစ်သော်လည်း ပြည်သူများ၏ ယုံကြည်ကိုးစားမှု ရရှိရန် လိုအပ်ကြောင်း၊ ပြည်သူများ၏ ယုံကြည်ကိုးစားမှုရရှိရန်အတွက် အလုပ်လုပ်ကြဖို့လိုအပ်ကြောင်း ပြောကြားပြီး ပါတီအောင်နိုင်ရေးဆောင်ရွက် ရမည့်လုပ်ငန်းစဉ်များကို အသေးစိတ်မှာကြားသည်။

ထို့နောက် ရပ်မိရပ်ဖအဖွဲ့များနှင့်တွေ့ဆုံပြီး သခင်ဘသောင်းရပ်ကွက် မြေထိန်းနံရံပြိုကျမှုကြောင့် နေအိမ်ပျက်စီး ဆုံးရှုံးခဲ့သည့် မိသားစု ၁၅ ဦးအား သွားရောက်တွေ့ဆုံ၍ နှုတ်ဆက်အားပေးစကားပြောကြားခဲ့သည်။

ထိန်ဝင်း(YGN)