တပ်ချုပ်နှင့် အငြိမ်းစားဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ကို ပအိုဝ်းအဖွဲ့ခေါင်းဆောင် ဦးအောင်ခမ်းထီ သွားရောက်တွေ့ဆုံ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်း အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ကို ပအိုဝ်းငြိမ်းချမ်းရေးအဖွဲ့ (PNO) ခေါင်းဆောင် ဦးအောင်ခမ်းထီ သွားရောက်တွေ့ဆုံခဲ့ကြောင်း ဦးအောင်ခမ်းထီ၏သား ခွန်အောင်ကျော်က ပြောသည်။ PNO အသွင်ပြောင်း ပြည်သူ့စစ်ဌာနေအဖွဲ့ နာယက ဦးအောင် ခမ်းထီအနေဖြင့် နေပြည်တော် သို့ ရောက်ရှိစဉ် လွန်ခဲ့သည့် သုံး၊ လေးရက်ခန့်က ဦးသန်းရွှေနှင့် တွေ့ဆုံခဲ့ကြောင်း ခွန်အောင် ကျော်က နိုဝင်ဘာ ၂၈ ရက်တွင် ပြောသည်။

‘‘သူ (ဦးသန်းရွှေ)က ဘာ ပြောလဲဆိုတော့ ဒေသလည်း ပိုပြီးဖွံ့ဖြိုးအောင် ပညာရေးကြိုးစားဖို့၊ ပညာရေးကြိုးစားဖို့ ဆိုရင် ပညာရေးရန်ပုံငွေတွေထောင်ပြီးတော့မှလုပ်ဖို့ အဓိက သူအဲဒါပြောတယ်။ ပညာရေးကောင်းမှသာ စီးပွားရေး ကောင်းမယ်။ စီးပွားရေးကောင်းမှသာ ကျန်တဲ့ လူမှုရေးတို့၊ ကျန်းမာရေးတို့ ပံ့ပိုးနိုင်မယ်။ အဓိက ပညာရေးကောင်း အောင် ကြိုးစားပေးကြ။ နောက်ပြီးတော့ ကိုယ့်ဒေသအတွက် ပညာရေးရန်ပုံငွေထောင်ပြီး မွေးထုတ်ပေးမှ ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေရလာမှသာ ကိုယ့်ဒေသဝန်ထမ်းတွေရှိလာမှာပေါ့ကွာ။ အဲဒီလိုမျိုးရှိမှ ကိုယ့်ဒေသ ဖွံ့ဖြိုးမှာပေါ့’’ဟု ခွန်အောင်ကျော် က ရှင်းပြသည်။

ထို့အပြင် ဦးအောင်ခမ်းထီသည် နိုဝင်ဘာ ၂၈ ရက်တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာ၌ တွေ့ဆုံပွဲတွင် နယ်မြေဒေသ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေးခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက နိုဝင်ဘာ ၂၈ ရက်၌ သတင်းထုတ်ပြန်သည်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ယခုအခါ ပအိုဝ်းဒေသသည် တည်ငြိမ်အေးချမ်း နေပြီး PNO ၏ ဆောင်ရွက်ချက်များကို ကျေးဇူးတင်ကြောင်း၊ နယ်မြေ ဒေသ တည်ငြိမ်အေးချမ်းရေးသာ မက ဒေသဖွံ့ဖြိုးရေးကို အထောက်အကူဖြစ်စေမည့် လုပ်ငန်းများ ဆောင်ရွက်ရန်၊ ဒေသတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ ပညာတတ်များ ဖြစ်ပေါ်လာရေး ဆောင်ရွက်ရန် ပြောကြားသည်ဟု သတင်းတွင်ပါရှိသည်။ ထို့အပြင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တပ်မတော်အနေဖြင့် တတ်နိုင်သည့်ဘက်က ကူညီ ဆောင်ရွက်ပေးမည်ဟု တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က ပြောကြား ကြောင်း ဖော်ပြသည်။

ဦးအောင်ခမ်းထီသည် ယခင်ကလည်း နေပြည်တော်သို့ရောက်ရှိစဉ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အပါအဝင် အငြိမ်းစား တပ်မတော် အရာရှိကြီးများဖြစ်သော ဦးသန်းရွှေ၊ အငြိမ်းစား  ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး၊ သမ္မတဟောင်း ဦးသိန်းစိန်တို့ကို သွားရောက်တွေ့ဆုံလေ့ရှိသည်ဟု ဦးအောင်ခမ်းထီက ယခုနှစ် စက်တင်ဘာတွင် 7Day Daily သတင်းစာနှင့် သီးသန့် တွေ့ဆုံစဉ် ပြောကြားထားသည်။ ထို့အပြင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေဖြင့် ဦးအောင်ခမ်းထီ နေထိုင်ရာ တောင်ကြီးမြို့နယ် ကျောက်တလုံးကြီးမြို့သို့ လာရောက်၍ ဦးအောင်ခမ်းထီ နှင့် တွေ့ဆုံခဲ့သည်။ ဦးအောင်ခမ်းထီ ဦးဆောင် သည့် PNO အဖွဲ့သည် ၁၉၉၁ တွင် တပ်မတော်နှင့် ငြိမ်းချမ်းရေး ရယူခဲ့သည့် အဖွဲ့ဖြစ်သည်။ PNO သည် တပ်မတော်နှင့် ဆက်ဆံ ရေးကောင်းရှိပြီး နိုဝင်ဘာ ၁၄ ရက်က တောင်ကြီးမြို့၌ ကျင်းပသည့် တပ်မတော်ထောက်ခံပွဲတွင် PNO/PNA ဦးဆောင်မှုဖြင့် ပအိုဝ်း တိုင်းရင်းသား အများအပြား ပါဝင်ခဲ့သည်။