ဒူဘိုင်းမှာ မက်ဆီနဲ့အတူ ညစာစားခဲ့တဲ့ ပေါ့ဂ်ဘာ

နိုင်ငံတကာပွဲစဉ်များ ကစားရန် အနားရထားသော ကာလတွင် မက်ဆီနှင့် ပေါ့ဂ်ဘာသည် လက်ရွေးစင် အသင်းများနှင့် ပါဝင်ပတ်သက်ခွင့် မရသော်လည်း ဒူဘိုင်းမြို့တွင် ညစာစားရင်း စကား လက်ဆုံကျခဲ့သည်။ နှစ်ဦးစလုံး နိုင်ငံအသင်းများတွင် ပါဝင်မကစားနိုင်ဘဲ ဒူဘိုင်းသို့ အပန်းဖြေခရီးသွားရောက်စဉ် တွေ့ဆုံခြင်း ဖြစ်သည်။

ပေါ့ဂ်ဘာသည် ပေါင်ဒဏ်ရာကြောင့် မန်စီးတီးနှင့်ကစားခဲ့သော မန်ယူ၏ နောက်ဆုံးပွဲတွင် မပါဝင်ဘဲ မက်ဆီသည် အောက်တိုဘာလလယ်က လက်မောင်းရိုးအက်ပြီးနောက်ပိုင်း တစ်ပွဲသာ ကစားနိုင်သေးသည်။

၎င်းတို့ နှစ်ဦးသည် ဒူဘိုင်းမြို့ တူရကီအသားကင်ဆိုင်၌ မထင်မှတ်ဘဲတွေ့ဆုံခဲ့ကာ အကြောင်းအရာ အများအပြား ပြောဖြစ်ပြီး စကားလက်ဆုံကျခဲ့သည်။ ၎င်းတို့နှင့်အတူ ချယ်လ်ဆီး ကွင်းလယ်လူ အန်ဂိုလို ကန်တီလည်း ပါဝင်ခဲ့သည်ဟုဆိုသည်။

အဆိုပါမထင်မှတ်သော တွေ့ဆုံမှုသည် ဘာကာသို့ ပေါ့ဂ်ဘာ ပြောင်းရွှေ့နိုင်သည်ဟူသော မှန်းဆချက်များကို စိတ်ဝင်စား ဖတ်ရှုနေသော မန်ယူပရိသတ်များ စိုးရိမ်စေနိုင်သည်။

အီတလီသတင်းများက ပြင်သစ်ကွင်းလယ်လူသည် ဘာစီလိုနာသို့ ပေါင် သန်း ၁၀၀ ဖြင့် ပြောင်းရွှေ့ရန် ငါးနှစ် စာချုပ်သစ် သဘောတူလိုက်ပြီဟု ဖော်ပြသည်။

ပေါ့ဂ်ဘာ၏ အေးဂျင့်ရိုင်အိုလာကလည်း ၎င်း၏ ကစားသမားကို မန်ယူနည်းပြမော်ရင်ဟိုက ဝေဖန်ခဲ့သည် ဆိုပြီးနောက် မန်ယူ မှဝေးရာပို့ဆောင်လိုခြင်းနှင့်ပတ်သက်၍ လျှို့ဝှက်မထားပေ။

ဘာကာနောက်ခံလူ ဂျာရတ်ပီကေးကလည်း ပေါ့ဂ်ဘာ သာ ဘာကာသို့ လာမည်ဆိုလျှင် ကြိုဆိုမည်ဟု ပြောသည်။ ‘‘သူ့ကို ဒီမှာရမယ်ဆိုရင် အရမ်းပျော်ပါလိမ့်မယ်။ ပေါ့ဂ်ဘာနဲ့ မော်ရင်ဟို ကြားဆက်ဆံရေးက ဘာတွေဖြစ်နေလဲ ကျွန်တော် မသိပါဘူး။ ဒါပေမဲ့ ပေါ့ဂ်ဘာဟာ ကစားသမားကောင်းတစ်ယောက်ပါ။ အခုအချိန်မှာ သူဟာ မန်ယူကစားသမားပါ။ အနာဂတ်မှာ ဘာဖြစ်မယ်ဆိုတာ စောင့်ကြည့်တာပေါ့’’ ဟု ပီ ကေးက ဩဂုတ်လအတွင်း ပြောကြားခဲ့သည်။

—Ref:Goal