ကမ္ဘာ့ချန်ပီယံများ ပါဝင်ယှဉ်ပြိုင်မည့် ဘိလိယက်နှင့် စနူကာပြိုင်ပွဲ ရန်ကုန်တွင် ကျင်းပမည်

နိုင်ငံပေါင်း ၃၆ နိုင်ငံက ကမ္ဘာ့ချန်ပီယံတွေ ပါဝင်ယှဉ်ပြိုင်မယ့် Black Shield IBSF World Billiard and Snooker Championship 2018 ပြိုင်ပွဲကို နိုဝင်ဘာ ၁၂ ရက်နေ့ကနေ ၂၇ ရက်နေ့ထိ ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်ရှိ Grand Mercure Yangon Golden Empire Hotel မှာ ကျင်းပမယ်လို့ သိရပါတယ်။

ဒီပြိုင်ပွဲမှာ မြန်မာဘိလိယက်ကစားသမားတွေဖြစ်တဲ့ အောင်ဆန်းဦး၊ အောင်ဌေး၊ ချစ်ကိုကို၊ နေသွေးဦး၊ ခင်မောင်ဦး၊ ပေါက်စ၊ ဇော်သန်းထိုက်၊ စန်းမြင့်၊ မင်းစည်သူထွန်းတို့ ဝင်ရောက် ယှဉ်ပြိုင်မှာဖြစ်ပြီး ကမ္ဘာ့နာမည်ကြီး ဘိလိယက်ကစားသမားတွေဖြစ်တဲ့ အဒ်ဗန်နီ၊ ပီတာဂေးလ်ခရစ်၊ ပရာပွတ်၊ ထရာဝပ် စတဲ့ ကစားသမားတွေလည်း လာရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

စနူကာပြိုင်ပွဲမှာတော့ နောက်ပိုင်းပြိုင်ပွဲတွေမှာ ဆုတံဆိပ်တွေ ဆက်တိုက်ရရှိလာတဲ့ စီနီယာကစားသမား ကိုထက်နဲ့ အာရှ ယူ-၂၁ ချန်ပီယံ အောင်ဖြိုးအပြင် တခြား စနူကာ ကစားသမားတွေ လည်း ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရှိနေပါတယ်။

ဒီပြိုင်ပွဲမှာ မြန်မာကစားသမားတွေဟာ တခြားနိုင်ငံက ပြိုင်ဘက်တွေနဲ့ အရင်ပြိုင်ပွဲတွေမှာ မကြာခဏ တွေ့ဆုံဖူးတာကြောင့် အတွေ့အကြုံရှိပြီး ချန်ပီယံဆု ရရှိအောင် အပြင်းအထန် ကြိုးစားပြင်ဆင်နေတယ်လို့ သိရပါတယ်။

မကြာသေးခင်က အာရှဖိတ်ခေါ်ပြိုင်ပွဲမှာ ချန်ပီယံဆု ရရှိထားတဲ့ ကိုထက်ကတော့ အာရှအဆင့်နဲ့သာ တင်းတိမ်မနေဘဲ ကမ္ဘာ့အဆင့် ချန်ပီယံဆုရဖို့ မျှော်လင့်ထားကြောင်း ပြောပါတယ်။

DVB