NCA အရ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို အောက်ခြေအထိ သိနိုင်ရေး ဆောင်ရွက်ရန် JMC ဆုံးဖြတ်

လက်နက်ကိုင်အဖွဲ့အစည်းများက အရပ်သားများကို အပြည့်အဝကာကွယ်ပေးရန်နှင့် NCA အရ နှစ်ဖက်လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများနှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပြဋ္ဌာန်းချက် များကို အောက်ခြေ တပ်ဖွဲ့ဝင် များအထိ သိရှိနိုင်ရေး ဆောင်ရွက်ရန် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့် ကြည့်ရေးကော်မတီ (JMC)က သဘောတူဆုံးဖြတ်ကြောင်း ယမန်နေ့တွင် သတင်းထုတ်ပြန် သည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)အရ ဖွဲ့စည်းထားသည့် JMC အဆင့်ဆင့်၏ အတွင်းရေး မှူးများ ဒုတိယအကြိမ် အစည်းအဝေးကို ရန်ကုန်မြို့၌ အောက် တိုဘာ ၃၀ ရက်နှင့် ၃၁ ရက်တွင် ကျင်းပရာ ယင်းသို့ဆုံးဖြတ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ‘ငြိမ်းချမ်းရေး လုပ်ငန်းစဉ် များအား ဆောင်ရွက်ရာတွင် JMCအနေဖြင့် အရပ်သားများအား အကာအကွယ်ပေးခြင်းဆိုင်ရာ အချက်များကို အကောင်အထည် ဖော်ဆောင်ရွက်ရသဖြင့် လက်နက်ကိုင်အဖွဲ့အစည်းများမှ အရပ်သားများကို အပြည့်အဝ အကာ အကွယ်ပေးရန်နှင့် NCA, CoC နှင့် JMC ဆိုင်ရာ ပြဋ္ဌာန်းချက်များကို သက်ဆိုင်ရာ အဖွဲ့အစည်းအလိုက် အောက်ခြေတပ်ဖွဲ့ဝင်များ အထိ သိရှိနိုင်ရေး ဆောင်ရွက်ရန် တို့ကိုလည်း သဘောတူဆုံးဖြတ် ခဲ့ကြပါသည်’ဟု ထုတ်ပြန်ချက် တွင် ဖော်ပြသည်။

ထို့အပြင် ဒေသခံအရပ်သား စောင့်ကြည့်သူ(LCM)များ ဖွဲ့စည်းမည့် လုပ်ငန်းစဉ် ဆက်လက် ဆောင်ရွက်ရေး စသည်တို့အပါအဝင် ဆုံးဖြတ်ချက် ၁၃ ချက် ချမှတ်ခဲ့ကြောင်းဖော်ပြသည်။ ‘‘လုပ်ငန်းတွေ အကောင်အထည် ဖော်တဲ့နေရာမှာ အားနည်းချက်တွေ၊ စိန်ခေါ်မှုတွေ၊ ပြီးတော့ကျော်လွှားနိုင်မယ့် နည်းလမ်းတွေ  ကိုလည်း ကျွန်တော်တို့သိရတာ ပေါ့နော်။ ဒီအစည်းအဝေး ဆုံး ဖြတ်ချက်တွေအနက် ဆုံးဖြတ်လို့မရတဲ့ ကိစ္စရပ်တွေကိုတော့ JMC-U အစည်းအဝေးမှာ တင်ပြပြီး ဆောင်ရွက်မှာဖြစ်တယ်’’ဟု ပြည်ထောင်စုအဆင့် JMC အတွင်းရေးမှူး (၁) ဒေါက်တာရွှေ ခါးရ် က ပြောသည်။