ကမ္ဘာ့ ကလေးငယ် အားလုံး၏ ၉၀ ရာခိုင်နှုန်းမျှ အဆိပ်အတောက်ပါသော လေထုကို ရှူရှိုက်နေရ

ကမ္ဘာပေါ်ရှိ ကလေးအားလုံး၏ ၉၀ ရာခိုင်နှုန်းသည် အဆိပ်အတောက် ပါသော လေထုကို ရှူရှိုက်နေရကြောင်း ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး (WHO)က သတိပေး ပြောကြားလိုက်သည်။ ဘီလီယံနှင့်ချီ များပြားသည့် ကလေးများသည် မသန့်စင်ဘဲ ဘေးဥပါဒ် ဖြစ်နိုင်သော လေကို အချိန်တိုင်း ရှူရှိုက် နေရကြောင်း ပညာရှင်များက ဆိုသည်။ ယင်းသည် ကလေးများ၏ ဉာဏ်ရည် ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ကြောင်း သိရသည်။

ကမ္ဘာ့ကလေးများ ဦးရေ၏ ၉၀ ရာခိုင်နှုန်းမျှနှင့် ညီမျှသည့် ကလေးငယ် ၁.၉ ဘီလီယံမျှသည် အဆိပ်အတောက် ပါသော လေထုကို ပုံမှန် ရှူရှိုက်နေရခြင်းကြောင့် ၎င်းတို့ ကြီးပြင်းလာချိန် မျိုးဆက်တစ်ခု လက်ဆင့်ကမ်းရမည့် အခြေအနေအတွက် စိုးရိမ်သင့်ကြောင်း WHO၏ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ တက်ဒရော့စ် အက်ဒ်ဟာနွမ်က ပြောကြားခဲ့သည်။

“ညစ်ညမ်းတဲ့၊ အဆိပ်အတောက်ပါတဲ့ လေထုဟာ သန်းပေါင်း ထောင်ချီတဲ့ ကလေးတွေရဲ့ ဘဝကို ထိခိုက် ပျက်စီးနေစေပါတယ်။ လက်ရှိမှာတော့ ဒီအခြေအနေကို ရှောင်လွှဲလို့ မရသေးဘူး။ တကယ်တော့ ကလေးတိုင်းဟာ သန့်စင် ကောင်းမွန်တဲ့ လေထုကိုသာ ရှူရှိုက်သင့်ပါတယ်။ ဒါမှသာ သူတို့ အနေနဲ့ ကြီးပြင်းလာချိန်မှာ ဖြစ်သင့်တဲ့ အလားအလာအတိုင်း ရာနှုန်းပြည့် တိုးတက် လာကြမှာပါ”ဟုလည်း ဒေါက်တာ အက်ဒ်ဟာနွမ်က မှတ်ချက်ပေးခဲ့သည်။

လေ့လာမှုများအရ လေထု အရည်အသွေး ညံ့ဖျင်းလွန်းသည့် အခြေအနေနှင့် ဆက်စပ်၍ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါများ ရရှိပြီး သေဆုံးခဲ့သော ကလေးငယ် ခြောက်သိန်းမျှ ရှိခဲ့ကြောင်း သိရသည်။ လေထု ညစ်ညမ်းမှုဒဏ်ကို ကလေးများနည်းတူ ကိုယ်ဝန်ဆောင် အမျိုးသမီးများသည်လည်း သာမန်ထက် ပိုမို ခံစားရလေ့ ရှိသည်။ 

တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ဆေးလိပ်သောက်မှု ကျဆင်းလာသည့်အခါ လက်ရှိ အခြေအနေတွင် လေထုညစ်ညမ်းမှုကြောင့် သေဆုံးသူ အရေအတွက်သည် ဆေးလိပ်ကြောင့် သေသူ ဦးရေထက်ပင် မြင့်တက်လာပြီဟု WHOက ဖော်ပြသွားသည်။

Ref: Guardian