မြန်မာ့လက်ရွေးစင်အသင်းနှင့် ကာတာပြည်တွင်းလိဂ် ချန်ပီယံအသင်း ယနေ့ခြေစမ်းမည်

အာဆီယံဆူဇူကီး ဖလားပြိုင်ပွဲအတွက် ကာတာနိုင်ငံသို့ လေ့ကျင့်ရေးခရီးစဉ်ရောက် ရှိနေသည့်  မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းသည် အောက်တိုဘာ ၁၉ ရက် (ယနေ့)တွင် ကာတာ ပြည်တွင်းလိဂ်ချန်ပီယံ Al-Duhail ကလပ်အသင်းနှင့် ခြေစမ်းမည် ဖြစ်သည်။ 

အဆိုပါခြေစမ်းပွဲကို အောက်တိုဘာ ၁၉ ရက် မြန်မာစံတော်ချိန် ည ၉ နာရီ ၁၅ မိနစ်၌ ကာတာ နိုင်ငံရှိ Al-Duhail အသင်းအိမ်ကွင်းတွင် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း မြန်မာ့လက်ရွေးစင်ဘောလုံး အသင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် အောက်တိုဘာ ၂၄ ရက်နှင့် ၂၈ ရက်တွင်လည်း ကာတာရဲတပ်ဖွဲ့ ဘောလုံးအသင်းနှင့် ခြေစမ်းပွဲများယှဉ်ပြိုင်ရန် စီစဉ်ထားကြောင်း လက်ရွေးစင်အသင်း တာဝန်ရှိသူက ပြောသည်။ 

‘‘ကျွန်တော်တို့ ကာတာကို လေ့ကျင့်ရေးခရီးစဉ် ရောက်နေတဲ့အချိန်အတွင်း ခြေစမ်းပွဲငါးပွဲလောက် ကစားဖို့ စီစဉ်နေပါတယ်။ အခုတော့ ခြေစမ်းပွဲသုံးပွဲ ကစားဖို့  သဘောတူညီမှုရထားပေမယ့်  အခြားအသင်းတွေကတော့ ချိတ်နေတုန်းပဲ ရှိပါသေးတယ်။ ကာတာဘောလုံးအဖွဲ့ချုပ်ကတစ်ဆင့် ကူညီပြီး ချိတ်ဆက်ပေးနေပါတယ်’’ဟု ၎င်းက ပြောသည်။ Al-Duhail အသင်းသည် ယခုနှစ် ၂၀၁၇-၂၀၁၈ ဘောလုံးရာသီအပါအ၀င် ပြည်တွင်းလိဂ် ချန်ပီယံဆု ခြောက်ကြိမ် ရရှိဖူးသည့်အသင်းဖြစ်ပြီး လာမည့် ၂၀၁၉ အေအက်ဖ်စီချန်ပီယံလိဂ် အုပ်စုအဆင့် ၀င်ခွင့်ရ အသင်းလည်း ဖြစ်သည်။

7Days