မက္ကစီကိုနယ်စပ် စစ်တပ်စေလွှတ်ဖို့ သမ္မတ Trump ခြိမ်းခြောက်

ဝါရှင်တန်၊ အောက်တိုဘာ  ၁၉

ဟွန်ဒူးရပ်စ်မှ ရွှေ့ပြောင်းဝင်ရောက်သူ ထောင်ပေါင်းများစွာဟာ အမေရိကန်ဆီ ဦးတည်လာရောက်နေဆဲ ဖြစ်တာကြောင့် မက္ကဆီကို နယ်စပ်ကို စစ်တပ်သုံး ပိတ်ပစ်ရမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အောက်တိုဘာ ၁၈ ရက်မှာ ခြိမ်းခြောက်ပြောဆိုပါတယ်။

ဒီရွှေ့ပြောင်းဝင်ရောက်သူတွေကို ဒီမိုကရတ်တစ်ပါတီက ဦးဆောင်နေပြီး သူတို့ထဲက အများစုဟာ ရာဇ၀တ်သားတွေဖြစ်တာကြောင့် မက္ကဆီကိုအနေနဲ့ နယ်စပ်ထိ သူတို့ မရောက်လာအောင် ကြားဖြတ်ဟန့်တားဖို့ လည်း ထရမ့်က တွစ်တာပို့စ်တွေကနေ တိုက်တွန်းထားပါတယ်။

“မက္ကဆီကိုက ဒီလို မလုပ်ပေးနိုင်ဘူးဆိုရင်တော့ ကျွန်တော်အနေနဲ့ စစ်တပ်ကို ခေါ်ယူပြီး ကျွန်တော်တို့ရဲ့ တောင်ပိုင်းနယ်စပ်ကို ပိတ်ဆီးကာကွယ်ရမှာ ဖြစ်တယ်။”လို့ သမ္မတက စိတ်ပိုင်းဖြတ်ပြောဆိုပါတယ်။

ရွှေ့ပြောင်းဝင်ရောက်သူတွေ စီးဆင်းနေတာတွေကို ဟွန်ဒူးရပ်စ်၊ ဂွါတီမာလာနဲ့ အယ်ဆာဗေဒိုအစိုးရတွေအနေနဲ့ မရပ်တန့်နိုင်ဘူးဆိုရင် နိုင်ငံခြားအကူအညီ ပေးတာတွေကို အမေရိကန်က ချက်ချင်းရပ်ပစ်ရမှာဖြစ်တယ်လို့လည်း ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ထရမ့်က ခြိမ်းခြောက်ပြောဆိုထားပါတယ်။

ခုလို လူတန်းလိုက်ကြီး ရွှေ့ပြောင်းနေကြတာဟာ အကြမ်းဖက်မှုနဲ့ ဆင်းရဲမွဲတေမှုတွေကနေပြီး ရှောင်ပြေးကာ ခိုလှုံဖို့ ရွှေ့ပြောင်းလာတာဖြစ်တယ်လို့ အခွင့်အရေးအုပ်စုတွေက ပြောကြပါတယ်။

“မက္ကဆီကိုကနေတစ်ဆင့် အမေရိကန်ထဲ ၀င်ရောက်လာသူတွေမှာ အများစုက ရာဇ၀တ်သားတွေပဲဖြစ်ပြီး ဒီလို ရွှေ့ပြောင်းသွားကြတာကို တားဆီးဖို့  ဗဟိုအမေရိက သုံးနိုင်ငံဟာ နည်းနည်းပဲ လုပ်ဆောင်နေတာဖြစ်တယ်”လို့ ထရမ့်ဟာ  ဟွန်ဒူးရပ်စ်၊ ဂွါတီမာလာနဲ့ အယ်ဆာဗေဒို ခေါင်းဆောင်တွေကိုလည်း ပြစ်တင်ဝေဖန်ခဲ့ပါတယ်။

Ref: EFE_EPA