ကုလသမဂ္ဂမှာ အမေရိကန်ကို ဆန့်ကျင်ပြီး ကျူးဘားသံတမန်တွေက ခုံတွေကို ထုကာ ဆူညံစွာ အော်ဟစ်တုံ့ပြန်

ကုလသမဂ္ဂ၊ အောက်တိုဘာ ၁၇

ကျူးဘားနိုင်ငံရေးအကျဉ်းသားတွေရဲ့ အကျပ်အတည်းနဲ့ ပတ်သက်ပြီး အမေရိကန် ကြီးမှူးတဲ့ အစည်းအဝေး ပျက်ပြားအောင် ကုလသမဂ္ဂမှာ အောက်တိုဘာ ၁၆ ရက်က ကျူးဘား သံတမန်တွေဟာ ခုံတွေကိုထုလို့ ကြွေးကြော်သံတွေကို ဟစ်ကြွေးကြပြီး ပွဲဖျက်ကြပါတယ်။

ကုလသမဂ္ဂ စီးပွားရေးနဲ့ လူမှုရေးဆိုင်ရာကောင်စီအစည်းအဝေးမှာ အမေရိကန်ကိုယ်စားလှယ် အမျိုးသမီးဖြစ်တဲ့ ကယ်လီကာရီရဲ့ တင်ပြချက်ကို ကျူးဘားသံတမန်က အထက်ကအတိုင်း ပွဲဖျက်ကြတာကြောင့် ကာရီဟာ လုံခြုံရေးအစောင့်တွေကို အဲဒီကျူးဘားသံတမန်တွေကို ဟောခန်းမကနေ ခေါ်ထုတ်သွားဖို့ ပြောဆိုတိုက်တွန်းတဲ့ အထိ ဖြစ်ခဲ့ပါတယ်။

“ကျူးဘားကို ပိတ်ဆို့ထားတာတွေ ဖယ်ရှား”ဆိုတဲ့ ကြွေးကြော်သံတွေကို ဒီသံတမန်တွေဟာ ဟစ်ကြွေးကြတာ ဖြစ်ပါတယ်။ အမေရိကန် ကိုယ်စားလှယ် ဆက်ပြီး ပြောဆိုတင်ပြလို့ မရအောင် ခုလို ပွဲဖျက်ရာမှာ သံတမန်တစ်ဦးက စာအုပ်ထူကြီး တစ်အုပ်ကို ဆောင့်ဆောင့်ချသလို နောက်တစ်ဦးကလည်း သစ်သားတုတ်တံနဲ့ စားပွဲကို ရိုက်ပုတ်တာတွေ လုပ်ဆောင်ကြတာ ဖြစ်ပါတယ်။

“သူတို့ကို ဒီအခန်းထဲကနေ ဖယ်ရှားမပေးနိုင်ဘူးလား။”ဆိုပြီး ကာရီက တင်ပြချက်ကို ခဏရပ်ပြီး ပြောလာရပါတော့တယ်။

“ဒီလူတွေကို အခန်းထဲကနေ ထုတ်သွားဖို့အတွက်  ကျွန်မ တင်ပြချက်ကို ခဏရပ်ထားပါမယ်။”လို့ ၎င်းက ပြောပါတယ်။ ကျူးဘားသံတမန်တွေရဲ့ လုပ်ရပ်က လမ်းဘေးလူမိုက်ဆန်ကြောင်း နောက်ပိုင်းမှာ သတင်းထောက်တွေကို ကယ်ရီက ပြောခဲ့ပါတယ်။

လုံခြုံရေးအစောင့်တွေက ကျူးဘားသံတမန်တွေကို ခုလို ပွဲဖျက်နေတာကို ရပ်ဖို့ ပြောဆိုတိုက်တွန်းပေမယ့် အစည်းအဝေးတစ်လျှောက်လုံးမှာ ကျူးဘားသံတမန်တွေဟာ ဆန့်ကျင် ကန့်ကွက်မှုတွေပဲ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

“ဘာအတွက် အကျဉ်းကျနေတာလဲ”ဆိုတဲ့ ခေါင်းစဉ်နဲ့ ကာရီက တင်ပြဆွေးနွေးတာဖြစ်ပြီး ကျူးဘားမှာ နိုင်ငံရေး အကျဉ်းသား ၁၃၀ ခန့်ရဲ့ အကျပ်အတည်းဒုက္ခကို တင်ပြချက်လည်း ဖြစ်ပါတယ်။ 

Ref:AFP