NCA မထိုးရသေးသည့်အဖွဲ့များ လက်မှတ်ထိုးရေး အစိုးရနှင့် အပစ်ရပ်အဖွဲ့များ ပူးပေါင်းဆောင်ရွက်ရန် ထိပ်သီး ဆွေးနွေးပွဲ တွင် သဘောတူညီ

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘော တူစာချုပ် (NCA) မထိုးရသေး သည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများ NCA တွင် ပါဝင်လက်မှတ်ထိုးရေးဆောင် ရွက်ရာတွင် အစိုးရနှင့် NCA လက်မှတ်ထိုး ပြီးသည့် တိုင်းရင်းသား အဖွဲ့များပူးပေါင်းဆောင်ရွက်ရန် နေပြည်တော်ထိပ်သီးအစည်းအဝေး၌ သဘောတူညီမှု ရရှိခဲ့သည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အစိုးရ၊ တပ်မတော်၊ လွှတ်တော်ခေါင်းဆောင် ၁၀ ဦးနှင့် NCA လက်မှတ်ထိုး ၁၀ ဖွဲ့မှ ခေါင်းဆောင် ၁၀ ဦး၏ ထိပ် သီးဆွေးနွေးပွဲကို အောက်တိုဘာ ၁၅ နှင့် ၁၆ ရက်တွင် ကျင်းပခဲ့သည်။

ထိပ်သီးအစည်းအဝေးအပြီးတွင် အစိုးရနှင့် NCA လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင်များသီးသန့်အစည်းအဝေးက ပူးတွဲကြေညာချက် ထုတ်ပြန်ရာ NCA လက်မှတ် မထိုး ရသေးသည့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းအားလုံးပါဝင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရေး  သဘောတူညီကြောင်း ဖော်ပြသည်။ ‘‘NCA မထိုးသေးတဲ့ အဖွဲ့တွေပါဝင်နိုင်ရေးကို ပူးပေါင်း ဆောင်ရွက်မယ်ဆိုတဲ့ သဘော ထားရပါတယ်။ အရင်တုန်းက တော့ သူ့အစီအစဉ်နဲ့ သူလုပ် တယ်။ ကိုယ့်အစီအစဉ်နဲ့ ကိုယ် လုပ်တယ်။ အခုတော့ တတ်နိုင် သမျှ NCA ထဲပါဝင်ရေးမှာ နှစ်ဖက်ညှိညှိနှိုင်းနှိုင်းနဲ့ ပူးပေါင်းဆောင် ရွက်ကြမယ်ဆိုတဲ့ သဘောထား ဖြစ်ပါတယ်’’ဟု ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဒုဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ပြော သည်။

NCA မထိုးရသေးသည့် အဖွဲ့များပါဝင်လာရေး ယခုထိပ်သီးအစည်းအဝေးဖြစ်မြောက်ရေးဆောင်ရွက်ခဲ့သည့် နှစ်ဖက် အလုပ်အဖွဲ့များက ဆက်လက် ဆောင်ရွက်မည်ဟု ၎င်းက ဆိုသည်။NCA လက်မှတ်ထိုးအဖွဲ့နှင့် မထိုးရ သေးသည့်အဖွဲ့များပါဝင်သော ညီလာခံတစ်ခုကို လာမည့် နိုဝင်ဘာအတွင်း ဖြစ်မြောက်ရေးကြိုးပမ်းမည်ဟု ခွန်မြင့်ထွန်းက ပြောသည်။ ယခုနေပြည်တော်ဆွေးနွေး ပွဲနှင့် ပတ်သက်ပြီး NCA မထိုးရ သေးသည့် မြောက်ပိုင်း လက်နက်ကိုင် ခုနစ်ဖွဲ့ဖြင့် ဖွဲ့စည်းထား သော ပြည်ထောင်စုနိုင်ငံရေးဆွေး နွေးညှိနှိုင်းရေးကော်မတီ (FPNCC) က ဆွေးနွေးပွဲမတိုင်မီ ကြိုဆို ထောက်ခံအားပေးကြောင်း ကြေ ညာချက်ထုတ်ပြန်ထားပြီး ၎င်းတို့ အနေဖြင့်လည်း သုံးပွင့်ဆိုင်ထိပ် သီးဆွေးနွေးမှုအတွက် အဆင် သင့်ရှိကြောင်း ကြေညာချက် ထုတ်ပြန်ထားသည်။

FPNCC အဖွဲ့ဝင်များသည် ၀အဖွဲ့ (UWSA)၊ ကချင်အဖွဲ့ (KIO/KIA) ၊ ရှမ်းအဖွဲ့ (SSPP)၊ မိုင်းလားအဖွဲ့ (NDAA)၊ တအာင်းအဖွဲ့ (TNLA)၊ ကိုးကန့်အဖွဲ့ (MNDAA) နှင့် ရခိုင်အဖွဲ့ (AA) တို့ ဖြစ်သည်။ အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် သုံးပွင့်ဆိုင်ဆွေးနွေးမှုတွင် ပါဝင်လိုပါက NCA လက်မှတ်ထိုးမှ ဖြစ်နိုင်မည်ဟု PNLO ဦးဆောင်နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။ ‘‘NCA မကျော်ဖြတ်ဘဲနဲ့တော့ မြောက်ပိုင်းအတွက် သုံးပွင့်ဆိုင်လုပ်ပေးဖို့ အလားအလာမရှိ ပါဘူး’’ဟု ၎င်းက ဆိုသည်။

မြောက်ပိုင်းအဖွဲ့များအနေ ဖြင့် NCA လမ်းကြောင်းသည် လက်မှတ်ရေးထိုးထားသော အဖွဲ့အစည်းများ၏ ထိန်းချုပ်ရာဒေသများတွင် စစ်မှန်သော ငြိမ်းချမ်းရေးဦးတည်ချက်များကို အောင်မြင်စွာ ဖော်ဆောင်နိုင်မည်ဆိုပါက NCA အပါအ၀င် တစ်နိုင်ငံလုံးငြိမ်းချမ်းရေးအတွက် အထောက်အကူဖြစ်စေမည့် မည်သည့်လမ်းကြောင်းမျိုးမဆို ကြိုးပမ်းဆောင်ရွက်မှု မှန်သမျှ အစဉ်အမြဲထောက်ခံ သည် ဟု ထုတ်ပြန်ထားသည်။