ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ အလိုရှိသည်ဟု KNU ဥက္ကဌ ဆို

ရန်ကုန် ၊ အောက်တိုဘာ ၁၅ ။            ။ တိုင်းရင်းသားများတောင်းဆိုနေသည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရန် ပြည်နယ်များ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲကျင့်သုံး ရမည်ဟု ကရင်အမျိုးသား အစည်းအရုံး(KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ပြောဆိုလိုက်သည်။ ယနေ့ အောက်တိုဘာ ၁၅ ရက်နေ့တွင်ကျင်းပသည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်(NCA) လက်မှတ်ရေးထိုးခြင်း (၃) နှစ်ပြည့် အခမ်းအနားတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကိုယ်စား ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ပြောဆိုသည့် မိန့်ခွန်းတွင် ထည့်သွင်းပြောဆို ခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ တောင်းဆိုနေတဲ့ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ ပြည်ထောင်စုဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဋ္ဌာန်းချက်နဲ့ သဟဇာတရှိရှိ ရေးဆွဲပြဋ္ဌာန်းရမှာဖြစ်ပြီး တဆက်တည်းမှာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှုများကို ဖြေရှင်းနိုင်တဲ့ ယန္တရားလည်း ပါရှိနေမှာဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ဆိုသည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများကို ဖြေရှင်းရန်အတွက် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အပစ်အခတ်ရပ်စဲရေး NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၀ ဖွဲ့ မှ ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးနေခြင်းဖြစ်သည်။

လက်ရှိ နိုင်ငံရေးဆွေးနွေးပွဲများတွင် ရင်ဆိုင်ကြုံတွေ့နေရသည့် အဓိကအခက်အခဲများဖြစ်သော ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်နှင့် ခွဲမထွက်ရဆိုသည့် အမြင်ပေါ်တွင် တိုင်းရင်းသားခေါင်းဆောင်များနှင့် အစိုးရ ၊ တပ်မတော် တို့အကြားတွင် ကွာဟချက်များ ရှိနေသည်ဟုလည်း ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးကဆိုသည်။ “အားလုံးလက်တွေ့ ကျကျ ရင်ဆိုင်ဖြေရှင်းနိုင်ဖို့လိုပါတယ်။ ဒါဟာ နိုင်ငံရေးပိုင်းဆိုင်ရာဖြစ်သလို ကျွန်တော်တို့အားလုံး မျှော်မှန်းနေတဲ့ အနာဂတ် ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့ တိုက်ရိုက်ပတ်သက်ပါတယ်” ဟု KNU ဥက္ကဋ္ဌက သူ့၏ မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့သည်။ အစိုးရနှင့် NCA အပစ်ရပ် လက်မှတ်ရေးထိုးထားသော ၁၀ ဖွဲ့သည် ပအိုဝ်းလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ ကရင်အမျိုးသား အစည်းအရုံး (KNU) ၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) ကရင်အမျိုးသား အစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (ငြိမ်းချမ်းရေးကောင်စီ) (KNU/KNLA-PC)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)တို့ ဖြစ်သည်။