ရခိုင်က ဒုက္ခသည်ရွာတရွာကို ကုလ ကိုယ်စားလှယ် ရွေးချယ် သွားရောက်

ရခိုင်ပြည်နယ်ကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Ms. Christine Schraner Burgener ဟာ အောက်တိုဘာလ ၁၄ ရက်နေ့မှာ ကျောက်တော်မြို့နယ် နိဒင် မွတ်စလင် ကျေးရွာကို ရွေးချယ် သွားရောက်ခဲ့ပါတယ်။ စစ်တွေမြို့ရဲ့ မြောက်ဘက် မိုင် ၆၀ အကွာမှာ ရှိတဲ့ နိဒင် မွတ်စလင် ကျေးရွာဟာ ၂၀၁၂ ခုနှစ် က ဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ် ပဋိပက္ခအပြီး၊ ကျောက်တော်မြို့က မွတ်စလင်တွေကို ဒုက္ခသည်စခန်း ဖွင့်လှစ် ပေးခဲ့ပြီး မကြာသေးမီက ရွာအဖြစ် သတ်မှတ် ပေးခဲ့တဲ့ ကျေးရွာ ဖြစ်ပါတယ်။

ဒီကျေးရွာ သွားရောက်မယ့် ခရီးစဉ်ကို အာဏာပိုင်တွေဘက်က ရွေးချယ်ခဲ့တာမဟုတ်ပဲ Ms. Burgener သွားရောက်တဲ့ အချိန်မှာလည်း အာဏာပိုင်တွေ မပါပဲ ဒေသခံတွေနဲ့ သီးခြား တွေ့ဆုံခဲ့တယ်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ လျှပ်စစ် စက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးအောင်ကျော်ဇံက ဘီဘီစီကို ပြောပါတယ်။ Ms. Burgener က ဒေသခံတွေနဲ့ တွေ့ဆုံချိန်မှာ အဓိကအားဖြင့် နေထိုင်မှုအခြေအနေ၊ အလုပ်အကိုင် အခွင့်အလမ်းနဲ့ ရခိုင်တိုင်းရင်းသားတွေနဲ့ ဆက်ဆံရေး အဆင်ပြေမှု ရှိမရှိ မေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။

နိဒင် မွတ်စလင်ရွာခံ တဦးဖြစ်တဲ့ ဦးကျော်အေး ကတော့ Ms. Burgener နဲ့ တွေ့ဆုံချိန်မှာ နေရပ်က စွန့်ခွာ နေထိုင်ပြီး ပြန်လည် ထူထောင်တဲ့ အချိန် ကြုံတွေ့နေရတဲ့ အလုပ်အကိုင် အခက်အခဲ အခြေအနေတွေကို အဓိက တင်ပြခဲ့တယ်လို့ ဘီဘီစီကို ပြောပါတယ်။ ဒါ့အပြင် သူကိုယ်တိုင် ဒေသခံ ရခိုင်တိုင်းရင်းသားတွေ ပေါင်းသင်း ဆက်ဆံမှု ရှိနေဆဲ ဖြစ်ပေမယ့် တခြား ဒေသခံတွေနဲ့ မပြေလည်မှုတွေလည်း ရှိနိုင်တဲ့ အကြောင်းကိုလည်း Ms. Burgener ကို တင်ပြခဲ့ကြောင်း ဦးကျော်အေးက ပြောပါ တယ်။

Ms. Burgener ကတော့ ဒုက္ခသည်တွေ အလုပ်အကိုင် အခွင့်အရေး အတွက် အစိုးရနဲ့ ကုလသမဂ္ဂတို့ ပူးပေါင်း စီစဉ် ပေးသွားမယ်လို့ ပြန်လည် ပြောကြားခဲ့ပါတယ်။ Ms. Burgener ဟာ အောက်တိုဘာလ ၁၅ ရက် နေ့မှာတော့ မောင်တောမြို့နယ်အတွင်းက ဘင်္ဂလားဒေ့ရှ်နဲ့ နယ်စပ်နေရာကို သွားရောက်ဖို့ စီစဉ်ထားပါတယ်။ သူဟာ မြန်မာနိုင်ငံကို ဒုတိယမြောက် ခရီးစဉ်အဖြစ် အောက်တိုဘာလ ၁၁ ရက်နေ့က ရောက်ရှိလာပြီး နိုင်ငံတော် အတိုင် ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း အပါအဝင် သက်ဆိုင်ရာ အစိုးရအဖွဲ့ ဝန်ကြီးတွေနဲ့လည်း သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။ Ms. Christine Schraner Burgener ရဲ့ ရခိုင် ခရီးစဉ်ဟာ အောက်တိုဘာလ ၁၆ ရက်နေ့မှာ ပြီးဆုံးမှာ ဖြစ်ပါတယ်။

BBC Burmese