ပေါင် (၇.၇)သန်း တန်ကြေးရှိခဲ့တဲ့ မာရှယ် ရဲ့ သွင်းဂိုး

နယူးကာဆယ်နဲ့ပွဲမှာ မာရှယ် သွင်းခဲ့တဲ့ဂိုးက မန်ယူအသင်းကို ပေါင် ၇.၇ သန်း ကုန်ကျစေခဲ့ပါတယ်။ အိုးထရက်ဖို့ဒ်ကွင်းမှာ ကစားခဲ့တဲ့ အဲဒီပွဲစဉ်မှာ ပွဲချိန် ၁၀ မိနစ်အတွင်း ၂ ဂိုးပြတ် ရှုံးနိမ့်နေတဲ့ မန်ယူအသင်းဟာ လက်ကျန်ပွဲချိန် မိနစ် ၂၀ အတွင်း ၃ ဂိုးသွင်းပြီး နိုင်ပွဲရယူနိုင်ခဲ့ပါတယ်။ မာရှယ်ဟာ ပေါ့ဘာနဲ့ အပေးအယူလုပ်ပြီး မန်ယူအတွက် ဒုတိယမြောက် ချေပဂိုး သွင်းပေးခဲ့တာပါ။

၂၀၁၅ ခုနှစ်မှာ မိုနာကိုကနေ မာရှယ်ကို ခေါ်ယူခဲ့တဲ့ စာချုပ်အရ ၂၀၁၈-၂၀၁၉ ရာသီမကုန်မီ မန်ယူအတွက် မာရှယ်က ပရီးမီးယားလိဂ်ဂိုး ၂၅ ဂိုး သွင်းပေးနိုင်ရင် ဆုကြေးငွေ ပေါင် ၇.၇ သန်းပေးရမယ်လို့ ထည့်သွင်း ချုပ်ဆိုထားပါတယ်။ မန်ယူဟာ မာရှယ်အတွက် ကနဦးပေးချေမှုအဖြစ် ပေါင် ၃၈.၅ သန်းကို ၂ ရစ်ခွဲ ပေးခဲ့ရတဲ့အပြင် စွမ်းဆောင်ရည်အလိုက် ထပ်ပေးရမယ့် ဆုကြေးငွေတွေကြောင့် သူ့ရဲ့ပြောင်းရွှေ့ကြေးက ပေါင် ၆၁.၆ သန်းနီးပါး ရှိလာနိုင်ပါတယ်။

မာရှယ်က ပြင်သစ်အတွက် ၂၅ ပွဲကစားခွင့်ရရင် ဆုကြေးငွေ ပေါင် ၇.၇ သန်း(၈ ပွဲကစားဖို့ လိုနေ)၊ Ballon D’Or ဆုရရင် ဆုကြေးငွေ ပေါင် ၇.၇ သန်း ပေးရမယ်လို့လည်း ထည့်သွင်းချုပ်ဆိုထားပါတယ်။

တကယ်လို့ မန်ယူက မာရှယ်ကို ရောင်းချခဲ့ရင် ရရှိလာတဲ့ ပြောင်းရွှေ့ကြေးရဲ့ ၅၀ ရာခိုင်နှုန်းကို မိုနာကိုက ရရှိမှာဖြစ်ပါတယ်။

-Ref; Daily Mial