မက္ကဆီကို ပင်လယ်ကွေ့တွင် ရေနံစိမ်းလုပ်ကွက်သစ် ၇ ခု တွေ့ရှိ

မက္ကဆီကို ပင်လယ်ကွေ့ရဲ့ ရေတိမ်ပိုင်းမှာ ရေနံစိမ်းလုပ်ကွက် အသစ် ၇ ခု တွေ့ရှိထားတယ်လို့ နိုင်ငံပိုင် ရေနံလုပ်ငန်း ပီမက်ခ်စ်က အောက်တိုဘာ ၉ ရက်က ကြေညာလိုက်ပါတယ်။

အဲ့ဒီ ရေနံတွင်း ၆ တွင်းနဲ့ သဘာဝဓာတ်ငွေ့လုပ်ကွက်မှာ ဒေါ်လာ ၁၀ ဘီလျံအထက် ရင်းနှီးမြှုပ်နှံနိုင်တယ်လို့ ဆိုပါတယ်။ ပီမက်ခ်စ်ကုမ္ပဏီဟာ ဆယ်နှစ်ကျော်လောက် ရေနံအထွက်ကျနေလို့ ရုန်းကန်နေရတာပါ။

အခု တွေ့ရှိလိုက်တဲ့ ရေနံတွင်းသစ် ၇ ခုဟာ ရေနံစည်ပေါင်း သန်း ၁၈၀ နဲ့ ညီမျှတဲ့ ပမာဏကို ထုတ်နိုင်ခြေရှိတယ်လို့ ပီမက်ခ်စ် ရေနံကုမ္ပဏီက ပြောပါတယ်။

လတ်တလောမှာတော့ ပြုပြင်မွမ်းမံရဦးမှာဖြစ်တဲ့ မာနိခ်၊ မူလာ့ခ်ျ၊ ကင်ဘေ၊ ကိုဘန်၊ ရှီကင်နဲ့ အီဆား ကွင်းတွေကနေ ၂၀၂၀ ခုနှစ် နှစ်လယ်ပိုင်းကျရင် တရက်ကို ရေနံစည်ပေါင်း ၂ သိန်း ၁ သောင်းအထိ အများဆုံး ထုတ်လုပ်နိုင်ဖို့ ခန့်မှန်းထားတယ်လို့လည်း ဆိုပါတယ်။

၂၀၁၅ ကတည်းက ရေတိမ်ပိုင်းမှာ ရှာဖွေတွေ့ရှိထားတဲ့ ရေနံတွင်း ၆ ခုကို တည်ဆောက်ဖို့ရာ ဒေါ်လာ ၇ ဘီလျံကနေ ၁၀ ဘီလျံအကြား ရင်းနှီးမြှုပ်နှံဖို့ မျှော်လင့်ထားပါတယ်။

မက္ကဆီကို စွမ်းအင်ဝန်ကြီး ပေဒရို ယွာချင် ကိုးလ်ဒ်ဝဲလ်ကတော့ ဒီရေနံတွင်းသစ်တွေ တွေ့ရှိတာဟာ မက္ကဆီနိုင်ငံရဲ့ အရံထားတဲ့ ရေနံစိမ်းပမာဏ လျော့နည်းနေမှုကို ၂ နှစ်အတွင်း ပြန်ပြီး အဖတ်ဆယ်နိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောဆိုသွားပါတယ်။

DVB