စစ်တွေမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ အမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲ ကျင်း

 

စစ်တွေ၊ အောက်တိုဘာ(၈)ရက်

စစ်တွေမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲ အခမ်းအနားကို ရခိုင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီရုံး အောက်ထပ်အစည်းအဝေးခန်းမ၌ ၂၀၁၈ ခုနှစ် အောက်တိုဘာလ (၈) ရက်နေ့ မွန်းလွဲ (၁၁း၀၀) အချိန်တွင် ကျင်းပခဲ့သည်။
အခမ်းအနားအစီအစဉ် ပထမပိုင်းတွင် သဘာပတိအဖွဲ့မှနေရာယူပြီးနောက် အခမ်းအနားအား နိုင်ငံတော်အလံအားအလေးပြု၍ နိုင်ငံတော်သီချင်းသီဆိုဖွင့်လှစ်ခဲ့သည်။ ထို့နောက် ပြည်နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ (ဗဟိုအလုပ်အမှုဆောင်) မှ အဖွင့်အမှာစကားပြောကြားပြီး စစ်တွေမြို့နယ် လမ်းမတော်တောင်ရပ်ကွက်မှ အမျိုးသမီးရေးရာအဖွဲ့ဝင် ဦးဌေးနွယ်မှ အမျိုးသမီးနှီးနှောဖလှယ်ပွဲ ကျင်းပမည့်အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ပြီးနောက် အခမ်းအနားပထမပိုင်းအစီအစဉ်များကို အောင်မြင်စွာ ပြီးဆုံးခဲ့သည်။
ဆက်လက်၍ ဒုတိယပိုင်းအစီအစဉ်အရ ရပ်ကွက်/ကျေးရွာအုပ်စုများအလိုက် အစုအဖွဲ့ (၄) ဖွဲ့ ဖွဲ့စည်း၍ နှီးနှောဖလှယ်ခဲ့ကြပြီး စာတမ်းဖတ်ကြားတင်သွင်းမည့် ကိုယ်စားလှယ်များ ရွေးချယ်ခြင်းကို ဆက်လက် ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် အခမ်းအနားတတိယပိုင်းကိုဆက်လက်ကျင်းပခဲ့ရာ သဘာပတိအဖွဲ့မှပြန်လည်နေရာယူပြီး နှီးနှောဖလှယ်ပွဲတွင် အစုအဖွဲ့အလိုက်မှတ်တမ်းတင်ဆွေးနွေးခဲ့ကြသော စာတမ်းများဖြစ်သည့် မြန်မာအမျိုးသမီးများနှင့် မြန်မာ့နိုင်ငံရေးအခန်းကဏ္ဍမြှင့်တင်ရေး စာတမ်းကို ကုန်တန်းရပ်ကွက် အမျိုးသမီး ရေးရာတာဝန်ခံ မညိုညိုလှိုင်မှလည်းကောင်း၊ အမျိုးသမီးများ၏ ငြိမ်းချမ်းသာယာမှုနှင့် လူမှုစီးပွား ဘ၀ဖွံ့ဖြိုးတိုးတက်ရေး စာတမ်းကို စက်ရုံစုရပ်ကွက် အမျိုးသမီးရေးရာတာဝန်ခံ မအေးမြတ်မွန်မှ လည်းကောင်း၊
အမျိုးသမီးထုအတွင်း အမျိုးဂုဏ်၊ ဇာတိဂုဏ်ထိန်းသိမ်းရေး၊ အမျိုးသမီးများ၏ အခွင့်အရေးများကို ရိုးရာ ယဉ်ကျေးမှုဓလေ့ထုံးစံနှင့်အညီ အကောင်အထည်ဖေါ်ဆောင်ရွက်ရေး စာတမ်းကို လမ်းမတော်တောင်ရပ်ကွက် ပါတီဝင် မဦးဌေးနွယ်မှလည်းကောင်း၊ အမျိုးသမီးပါတီဝင်သစ်များစုဆောင်းရေးနှင့် ၂၀၂၀ ပြည့် ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ပါတီဝင် အမျိုးသမီးများအား စဉ်ဆက်မပြတ် လေ့ကျင့်ပျိုးထောင်ပေးရေး စာတမ်းကို ရဲနွယ်စုရပ်ကွက် ပါတီဝင် မမီမီကျော်မှလည်းကောင်း ဖတ်ကြားတင်သွင်းခဲ့ကြသည်။
ထို့နောက် အမျိုးသမီးနှီးနှောဖလှယ်ပွဲ၏ တွေ့ရှိချက်များ၊ မှတ်တမ်းတင်ခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များကို ဘောက်သီးစုရပ်ကွက် ပါတီဝင် မချောစုစံက တင်သွင်းခဲ့ပြီး စစ်တွေမြို့နယ် အမျိုးသမီးရေးရာတာဝန်ခံ သဘာပတိ ဒေါ်သန်းသန်းရီမှ မှတ်တမ်းတင်ခြင်း၊ အတည်ပြုခြင်း၊ ရှေ့လုပ်ငန်းစဉ်များအကောင်အထည်ဖေါ် ဆောင်ရွက်ရန်ဆုံးဖြတ်နောက် စစ်တွေမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဒေါ်အေးမာခင်မှ နိဂုံးချုပ်အမှာစကား ပြောကြားကာ စစ်တွေမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာကော်မတီအဖွဲ့မှ ပြည်ခိုင်ဖြိုးဟေ့ တေးသီချင်းကို သံပြိုင်သီဆို၍ ရုပ်သိမ်းခဲ့သည်။
အဆိုပါအခမ်းအနားသို့ ရခိုင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ(ဗဟိုအလုပ်အမှုဆောင်)၊ ပြည်နယ်အတွင်းရေးမှူး ဦးသန်းဝေ(ဗဟိုကော်မတီဝင်)၊ ပြည်နယ်ဘဏ္ဍာရေးမှူး ဦးသန်းထွန်း(ဗဟိုကော်မတီဝင်)၊ ပြည်နယ်လူငယ်တာဝန်ခံ ဦးစန်းငွေ၊ စစ်တွေခရိုင် ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် ခရိုင်ကော်မတီဝင်များ၊ စစ်တွေ မြို့နယ်ပါတီ ဥက္ကဋ္ဌ ဒေါ်အေးမာခင်နှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စုပါတီ အမျိုးသမီး ရေးရာအဖွဲ့ဝင်များ၊ စုစုပေါင်းအင်အား (၁၅၉)ဦး တက်ရောက်ခဲ့ကြသည်။

TM