ဒေါ်အောင်ဆန်း စုကြည်နှင့် ဂျယ်ရီမီဟန့် ရခိုင်ပြည်နယ်အရေးနှင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေး ဆွေးနွေး

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဂျယ်ရီမီဟန့်ကို နေပြည်တော်တွင် ယမန်နေ့က လက်ခံတွေ့ဆုံ၍ ရခိုင်ပြည်နယ်အရေ့းနှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်အကြောင်း ဆွေးနွေးခဲ့သည်။ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးသည် ယမန်နေ့တွင် ရန်ကုန်မြို့မှ ရခိုင် ပြည်နယ်မြောက်ပိုင်းသို့ သွားရောက်ကာ မွန်းလွဲတွင် နေပြည်တော် သို့ ရောက်ရှိလာကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန၊ နိုင်ငံရေးရာဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးစိုးဟန်က ရှင်းပြသည်။

‘‘အဓိကကတော့ မြန်မာနိုင် ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်း မှုလုပ်ငန်းစဉ် အဲဒါလေး စိတ်ဝင် တစားမေးတယ်။ ရခိုင်ပြည်နယ် ကိုသွားတယ်။ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်တွေ ဘယ်လို အခြေအနေရောက်နေလဲ၊ ကျွန် တော်တို့ဘက်က ပြင်ဆင်ဆောင်ရွက်ထားတာလေးတွေ မေးတာ ပေါ့’’ဟု ဦးစိုးဟန်က ပြောသည်။ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီးကို ၄၅ မိနစ်ခန့်လက်ခံတွေ့ဆုံခဲ့ပြီး ကုလသမဂ္ဂအထွေထွေညီလာခံ၌ ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ ပြောကြားရှင်းလင်းမည့် ကိစ္စရပ်များကို ထည့်သွင်းဆွေးနွေးခဲ့သည်ဟု ဆိုသည်။

ဂျယ်ရီမီဟန့်သည် ရခိုင်ပြည်နယ်သို့သွားရောက်စဉ် စစ်တွေမြို့မှ တစ်ဆင့် ဒုက္ခသည်များ ပြန်လည်လက်ခံရေး စခန်း တောင်ပြိုလက်ဝဲနှင့် ရွှေဇား၊ ပန်းတောပြင်ကျေးရွာများသို့ သွားရောက်ကာ ရခိုင်တိုင်းရင်းသားများ၊ အခြားတိုင်းရင်းသားများ၊ ဟိန္ဒူဘာသာဝင်များ၊ မွတ်စလင်ဘာသာဝင် များ စသည့် အသိုက်အဝန်းအား လုံးနှင့် လွတ်လပ်စွာ စကားပြောခွင့်ရရှိခဲ့ကြောင်း ဦးစိုးဟန်က ပြောသည်။ အာဆာ(ARSA)အဖွဲ့၏ အကြမ်းဖက် တိုက်ခိုက်မှု ခံခဲ့ရသည့် မောင်တောဒေသကို နိုင်ငံခြားသံတမန်များ၊ ကုလအဖွဲ့အစည်းများမှ တာဝန်ရှိသူများ မကြာခဏ လာရောက်လေ့လာ သော်လည်း ပြန်လည်လက်ခံရေးလုပ်ငန်းများ အောင်မြင်ရန် တစ်စုံတစ်ရာ ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးကြောင်း သတင်းရင်း မြစ်အချို့က ဆိုသည်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး သည် တပ်မတော်ထိပ်ပိုင်းခေါင်း ဆောင်အချို့နှင့်တွေ့ဆုံရန် ခွင့် တောင်းခဲ့သော်လည်း တွေ့ဆုံခွင့် မရခဲ့ပေ။ ဟန့်၏နှစ်ရက်ကြာ ခရီးစဉ် အတွင်း ရန်ကုန်မြို့တွင် အရပ်ဘက်အဖွဲ့အစည်းအချို့၊ သံတမန် အချို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ယမန်နေ့ညနေ၌ နေပြည်တော်မှ ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ ပြန်လည် ထွက်ခွာခဲ့သည်။ ကွန်ဆာဗေးတစ်ပါတီနိုင်ငံ ရေးသမား ဂျယ်ရီမီဟန့်သည် ယခုနှစ်ဇူလိုင်တွင် ဝန်ကြီးဟောင်း ဘောရစ်ဂျွန်ဆင် အစား ဝင်ရောက်လာသည့် နိုင်ငံခြားရေးဝန်ကြီး ဖြစ်ပြီး ယင်းတာဝန်ယူပြီးနောက် ၎င်း၏ ပထမဆုံး မြန်မာနိုင်ငံ ခရီး စဉ်ဖြစ်သည်။