ကြယ်ပွင့်တွေစုံခဲ့တဲ့ FIFA 2019 ပါတီပွဲ

ကမ္ဘာကျော်ဂိမ်းကုမ္ပဏီဖြစ်တဲ့ EA Sports ဟာ လာမယ့် စက်တင်ဘာ ၂၈ ရက်နေ့မှာ FIFA 2019 ဂိမ်းအသစ်ကို တရားဝင် မိတ်ဆက်တော့မှာဖြစ်ပါတယ်။ အဲဒီအတွက် အကြိုပါတီပွဲကို မနေ့က လန်ဒန်မြို့မှာကျင်းပသွားခဲ့ပြီး ဘောလုံးကြယ်ပွင့်တော်တော်များများလည်း တက်ရောက်ခဲ့ကြပါတယ်။

FIFA ဘောလုံးဂိမ်းဟာ ကစားသမားတွေ ကြားထဲမှာလည်း အရမ်းကိုရေပန်းစားတဲ့ ဂိမ်းဖြစ်ပြီး တစ်ခါတရံ ပရိုမိုးရှင်းပွဲတွေမှာ ပရိသတ်တွေနဲ့ ယှဉ်ပြိုင် ကစားလေ့ရှိသလို ထိပ်တန်းကစားသမားအချင်းချင်းလည်း ယှဉ်ပြိုင်လေ့ ရှိပါတယ်။ EA Sports ဟာ FIFA 2019 ဂိမ်းအတွက် ကစားသမားတစ်ဦးချင်းစီရဲ့ မျက်နှာပုံပန်းအပြင် ဂိုးသွင်းပြီးနောက်အောင်ပွဲခံမှု၊ ပြေးလွှားပုံ၊ ဘောလုံးကန်သွင်းပုံ စတာတွေကို အပြင်လောကနဲ့ အတူညီဆုံးဖြစ်အောင် အသေးစိတ် အဆင့်မြှင့်တင်ပြင်ဆင် ထားတယ်လို့လည်း ဆိုပါတယ်။

မနေ့ကကျင်းပခဲ့တဲ့  ပါတီပွဲမှာတော့ မန်စီးတီးကွင်းလယ်လူဒီဘရူနီအပြင် ၀ုဗ်တိုက်စစ်မှူး ထရာအိုရီ၊ စပါးအသင်း က အယ်ဒါဝီရယ်နဲ့ လာမီလာ၊ ပဲလေ့စ်တိုက်စစ်မှူး ဇာဟာနဲ့ နောက်ခံလူ ဆာခို၊ ၀က်စ်ဟမ်း တိုက်စစ်မှူး အန်တိုနီယို၊ လက်စတာကွင်းလယ်ဖန်တီးရှင် မက်ဒီဆန်၊ ဖူလ်ဟမ် တောင်ပံကစားသမား ဆက်ဆီနွန်တို့နဲ့အတူ ကစားသမားဟောင်းတွေဖြစ်တဲ့ အီယန်ရိုက်၊ ဂျေမီရက်နပ်တို့လည်း တက်ရောက်ခဲ့ ကြပါတယ်။ ဒါ့အပြင် တခြားနာမည်ကျော်တွေနဲ့ အမျိုးသမီးကစားသမားတွေလည်း တက်ရောက်ခဲ့ကြသေးလို့ ဘောလုံးလောကရဲ့ ကြယ်ပွင့်တွေစုံညီတဲ့ ပါတီပွဲဖြစ်ခဲ့ပါတယ်။

-Ref; Goal.com