မြန်အောင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးညီလာခံကို ကြိုဆိုဂုဏ်ပြုခြင်းအားဖြင့် ပါတီဝင်အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲအခမ်းအနားကျင်းပ

မြန်အောင်၊ စက်တင်ဘာ ၂ဝ

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် မြန်အောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် အမျိုးသမီးညီလာခံအား ကြိုဆိုဂုဏ်ပြုခြင်းအားဖြင့် ပါတီဝင်အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁၂ နာရီခွဲက ဆည်ရွာအုပ်စု တလုတ်ကုန်းကျေးရွာ အောင်သုခ ဝေဠုဝန်ကျောင်းတိုက်တွင် ကျင်းပခဲ့သည်။
အခမ်းအနား မစတင်မီ အောင်သုခဝေဠုဝန်ဆရာတော်အား မြို့နယ်ပါတီဥက္ကဋ္ဌနှင့်အဖွဲ့က ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပြီး ဆရာတော်ထံမှ သြဝါဒခံယူခဲ့ကြသည်။

ပြီးနောက် အခမ်းအနားအား နိုင်ငံတော်အလံအားအလေးပြုခြင်းနှင့် နိုင်ငံတော်သီချင်းအား သံပြိုင်သီဆိုကာ ဖွင့်လှစ်ခဲ့ကြသည်။ ထို့ နောက် ဆည်ရွာအုပ်စု တလုတ်ကုန်းကျေးရွာနေ ပါတီဝင်ဖြစ်သူ ဦးမြဆောင်းက ပါတီဝင်ရ ခြင်းအကြောင်း ရှင်းလင်းတင်ပြခြင်း၊ တာခွထန်းတိုက်နယ်တာဝန်ခံ မြို့နယ်ပါတီကော်မတီဝင် ဦးချမ်းငြိမ်းအောင် နှင့် ဆည်ရွာအုပ်စု ရပ်ကွက်ကျေးရွာပါတီဥက္ကဋ္ဌ ဦးသိန်းတန်တို့က နယ်မြေအတွင်း ပါတီဝင်အင်အားအခြေအနေ အား ရှင်းလင်းတင်ပြခဲ့ကြသည်။

ထို့နောက် ဆည်ရွာအုပ်စု ရပ်ကျေးပါတီဥက္ကဋ္ဌ ဦးသိန်းတန်က မြို့နယ်ပါတီဥက္ကဋ္ဌ ဦးနေဝင်းဇော်အား ပါတီဝင် အဆိုပြုလွှာ အစောင် ၂၂ဝ အား ပေးအပ်ခဲ့ပြီး မြို့နယ်ပါတီကော်မတီဝင်များက တက်ရောက်လာကြသော ပါတီဝင်အသစ်များအား ပါတီရင်ထိုးတံဆိပ်များ တပ်ဆင်ပေးခဲ့သည်။ ဆက်လက်ပြီး မြို့နယ်ပါတီအတွင်းရေးမှူး ဒေါ်ယဉ်မြတ်သူက ပြည်ခိုင်ဖြိုးပါတီ၏ ရည်ရွယ်ချက်နှင့် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးနေဝင်းဇော်က နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌကြီး ဦးသန်းဌေး၏ ပါတီဝင်များအပေါ် လမ်းညွှန်မှာကြားချက်များနှင့် နိုင်ငံ၏စီးပွားရေးအခြေအနေ၊ လက်ရှိဖြစ်ပေါ်နေ သော ကုန်ဈေးနှုန်းကြီးမြင့်ရခြင်းအကြောင်းများနှင့် တိုင်းပြည်ခြေအနေ ပြန်လည် တိုးတက်ကောင်းမွန်လာအောင် ၂ဝ၂ဝ ပါတီအောင်နိုင်ရေးအတွက် ပါတီဝင်များမှ ဝိုင်းဝန်းကြိုးပမ်းကြရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
အခမ်းအနားကို မွန်းလွဲ ၂နာရီတွင် အောင်မြင်စွာကျင်းပပြီးစီးခဲ့ပြီး တက်ရောက်သူ အင်အား ၃ဝဝ ရှိကြောင်း သိရသည်။

ဇင်မိုးလေး