မကွေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ တက်ရောက်အားပေး

မကွေး၊ စက်တင်ဘာ ၂ဝ

မကွေးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲ အခမ်းအနားကို စက်တင်ဘာ (၂၀) ရက်နေ့ နံနက် ၉ နာရီက မကွေးတိုင်းဒေသကြီး ပါတီအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားကို အစီအစဉ်သုံးပိုင်းခွဲ၍ ကျင်းပသွားမည်ဖြစ်ကာ အစီအစဉ် ပထမပိုင်းတွင် သဘာပတိအဖွဲ့မှ နေရာယူပြီးနောက် အခမ်းအနားကို နိုင်ငံတော်အလံအားအလေးပြု၍ နိုင်ငံတော်သီချင်း သံပြိုင်သီဆိုကာ ဖွင့်လှစ်ခဲ့သည်။
ထို့နောက် ဗဟိုအလုပ်အမှုဆောင် မကွေးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေးနှင့် မကွေးမြို့နယ် ပါတီဥက္ကဋ္ဌ ဦးအောင်သိန်းကျော်တို့က အဖွင့်အမှာစကားပြောကြား၍ မြို့နယ်ပါတီကော်မတီဝင် ဒေါ်ခင်မင်းသိန်း က ဗဟိုအမျိုးသမီးညီလာခံအကြို မကွေးမြို့နယ် အမျိုးသမီးနှီးနှောဖလှယ်ပွဲ ကျင်းပမည့်အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။ သဘာပတိမြို့နယ် အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်စုစုနောင်က အခမ်းအနားကျင်းပရခြင်း နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် အစီအစဉ်ပထမပိုင်းပြီးဆုံး၍ သဘာပတိအဖွဲ့မှ ပြန်လည် ထွက်ခွာခဲ့သည်။
အစီအစဉ်အရ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများအလိုက် အစုအဖွဲ့များဖွဲ့စည်း၍ အစုအဖွဲ့များအနေဖြင့် နှီးနှော ဖလှယ်ပွဲတွင် တင်သွင်းမည့်စာတမ်းများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး စာတမ်းလေးစောင်အား တင်သွင်းနိုင်ရန်အတွက် မှတ်တမ်းတင်ခြင်းအား ဒုတိယပိုင်းအစီအစဉ်တွင် ဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်၍ အစီအစဉ်တတိယပိုင်း ကိုကျင်းပခဲ့ရာ သဘာပတိအဖွဲ့မှ ပြန်လည် နေရာယူပြီးနောက် နှီးနှော ဖလှယ်ပွဲတွင် အစုအဖွဲ့အလိုက် မှတ်တမ်းတင်ဆွေးနွေးခဲ့ကြသော စာတမ်းများဖြစ်သည့် မြန်မာအမျိုးသမီးများနှင့် မြန်မာ့နိုင်ငံရေးအခန်းကဏ္ဍမြှင့်တင်ရေးစာတမ်းကို မြို့ဟောင်းရပ်ကွက်မှ ပါတီဝင် ဒေါ်ဇင်မာအောင်က လည်းကောင်း၊ မြန်မာအမျိုးသမီးများ၏ ဘဝလုံခြုံမှု၊ ငြိမ်းချမ်းသာယာမှုနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး စာတမ်းများကို ဂွေးတောက်စမ်းကျေးရွာမှ ပါတီဝင် ဒေါ်တင်တင်မြက လည်းကောင်း၊ အမျိုးသမီးထုအတွင်း အမျိုးဂုဏ် ဇာတိဂုဏ် ထိန်းသိမ်းရေး၊ အမျိုးသမီးများ၏အခွင့်အရေးများကို ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ရေးမှစာတမ်းကို မိချောင်းရဲကျေးရွာ ပါတီဝင် ဒေါ်ခင်သီတာထွန်းက လည်းကောင်း၊ အမျိုးသမီးပါတီဝင်သစ်များ စုဆောင်းရေးနှင့် ၂ဝ၂ဝ ပြည့်နှစ် ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ပါတီဝင်အမျိုးသမီးများအား စဉ်ဆက်မပြတ် လေ့ကျင့်ပျိုးထောင်ပေးရေးစာတမ်းကို ဒဟတ်ကန်ကျေးရွာမှ ပါတီဝင် ဒေါ်ညွန့်ညွန့်ဆွေက လည်းကောင်း ဖတ်ကြားတင်သွင်းခဲ့သည်။

ထို့နောက် မကွေးမြို့နယ် အမျိုးသမီးနှီးနှောဖလှယ်ပွဲ၏ တွေ့ရှိချက်၊ ဆုံးဖြတ်ချက်နှင့်ရှေ့လုပ်ငန်းစဉ်များအား အောင်ရတနာရပ်ကွက်မှ ပါတီဝင်ဒေါ်ခိုင်ခိုင်မြင့်က ဖတ်ကြားတင်သွင်းသည်။ သဘာပတိမှ ဖတ်ကြားတင်သွင်းခဲ့ သော စာတမ်းများအား မှတ်တမ်းတင်ခြင်းနှင့်ရှေ့လုပ်ငန်းစဉ်များအား အတည်ပြုခြင်းတို့အား ဆောင်ရွက်ပြီး နောက် မြို့နယ်ပါတီဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး မွန်းလွဲ ၁ နာရီခွဲတွင် အခမ်းအနားအား ပြည်ခိုင်ဖြိုး ဟေ့ တေးသီချင်းသံပြိုင်သီဆို၍ ရုပ်သိမ်းခဲ့သည်။

အခမ်းအနားသို့ ဗဟိုအလုပ်အမှုဆောင် မကွေးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေး၊ ပထမအကြိမ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကြည်ထွန်း၊ တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးဆန်းညွန့်အောင်၊ တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးအောင်နိုင်၊ ဦးအောင်ကျော်မင်း၊ မကွေးခရိုင်ပါတီဥက္ကဋ္ဌ ဦးထွန်းရှိန်၊ ခရိုင်ပါတီကော်မတီဝင် ဦးအောင်နိုင်၊ မကွေးမြို့နယ်ပါတီဥက္ကဋ္ဌ ဦးအောင်သိန်းကျော်၊ အတွင်းရေးမှူး ဦးတင်မျိုးဇော်၊ မြို့နယ်ကော်မတီဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်စုစုနောင်နှင့် ရပ်ကွက်/ ကျေးရွာ ၇၆ အုပ်စုမှ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ၊ ပါတီဝင်အမျိုးသမီးများ အပါ အဝင် စုစုပေါင်းအင်အား ၂ဝဝ ခန့် တက်ရောက်ကြောင်း သိရသည်။

မင်းဇော် (မကွေး)