ပြည်ခိုင်ဖြိုးပါတီ ဇေယျာသီရိမြို့နယ် ပါတီဝင်အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲပြုလုပ်

နေပြည်တော် စက်တင်ဘာလ ၁၈

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်ထောင်စုနယ်မြေ ဇေယျာသီရိမြို့နယ် မရင်းကြီးကျေးရွာတွင် ပါတီဝင်အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲအခမ်းအနားအား ယနေ့နံနက် ၈ နာရီချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးမှ လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေး အခင်းအကျင်းများအား အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး ပါတီထဲသို့ ယုံယုံကြည်ကြည်နှင့် ဝင်ရောက် လာကြသည့် ပါတီဝင်သစ်များအား ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်ထောင်စုနယ်မြေပါတီဥက္ကဋ္ဌ ဦးဝေလွင်နှင့် ဇေယျာသီရိ မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးဝင်းတို့မှ ပါတီဝင်သစ်များအား ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။

ဆက်လက်၍ ဇေယျာသီရိမြို့နယ် ခေတ်အေးအုပ်စု ခေတ်အေးကျေးရွာမှ ပါတီဝင်အဆိုပြုလွှာများအား လည်းကောင်း၊ ရေဆင်းအုပ်စု ရေဆင်းကျေးရွာမှ ပါတီဝင်အဆိုပြုလွှာများအား လည်းကောင်း၊ နန်းသြအုပ်စု နန်းသြကျေးရွာမှ ပါတီဝင်အဆိုပြုလွှာများအား လည်းကောင်း အသီးသီးစုပေါင်းပေးအပ်ခဲ့သည်။

ထို့နောက် ပါတီသို့ ဝင်ရောက်လာကြသော ပါတီဝင်အသစ်များအား ပါတီရင်ထိုးတံဆိပ်များ တပ်ဆင်ပေးခဲ့ပြီး ပါတီဝင်အင်အားတိုးတက်ရရှိအောင် စည်းရုံးပေးခဲ့သော ပါတီကော်မတီဝင်များအား ဂုဏ်ပြုလွှာနှင့် လက်ဆောင် များ ပေးအပ်ခဲ့သည်။

အဆိုပါ အခမ်းအနားအစတွင် တက်ရောက်လာကြသူများက နိုင်ငံတော်သီချင်းအား သံပြိုင်သီဆိုကာ နိုင်ငံတော် အလံအား အလေးပြုခဲ့ကြပြီး ကေသရာဇာခြင်္သေ့သီချင်းဖြင့် အခမ်းအနားအား ရုတ်သိမ်းခဲ့သည်။