ချန်ပီယံလိဂ်ဗိုလ်စွဲမည့် ရေပန်းစားအသင်းများတွင် လီဗာပူးပါဝင်ဟု ပီအက်စ်ဂျီနည်းပြ သတိပေး

ချန်ပီယံလိဂ်အုပ်စု (C) အဖွင့်ပွဲအဖြစ် ယနေ့ည တွေ့ဆုံမည့် လီဗာပူးသည် ယခုနှစ်ချန်ပီယံလိဂ်၌ ဗိုလ်စွဲမည့် ရေပန်းစားအသင်းများတွင် ပါဝင်ကြောင်း ပီအက်စ်ဂျီနည်းပြ သောမတ်စ်တူချယ်က ကစားသမားများကို သတိပေးသည်။

ပြီးခဲ့သည့်ရာသီက ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ရီးရဲလ်မက်ဒရစ်ကို ရှုံးနိမ့်ပြီး ဒုတိယဖြင့် ကျေနပ်ခဲ့ရသည့် လီဗာပူးသည် ယခုနှစ်တွင်လည်း အဆင့်ဆင့်ဖြတ်ကျော်ရန် အလားအလာရှိသည်ဟု တူချယ်က ယုံကြည် ထားသည်။

‘‘ချန်ပီယံလိဂ်ဗိုလ်စွဲဖို့ ရေပန်းစားတဲ့အသင်းတွေ အများကြီးရှိပြီး အဲဒီထဲမှာ လီဗာပူးလည်း ပါပါတယ်’’ ဟု ဒေါ့မွန်နည်းပြဟောင်း တူချယ်က ပြောသည်။

ထို့အပြင် ပီအက်စ်ဂျီအတွက် ပထမဆုံးချန်ပီယံလိဂ် ဖလားရရှိရန် အပြောင်းအလဲပြုလုပ်လိုကြောင်း တူချယ်ကဖွင့်ဟ ပြောကြားသည်။

‘‘ချန်ပီယံလိဂ်မှာ အတွေ့အကြုံရှိဖို့နဲ့ ဗိုလ်စွဲဖို့က အလွန်အရေးကြီးပါတယ်။ ပီအက်စ်ဂျီက ဗိုလ်မစွဲဖူးပါဘူး။ ဗိုလ်မစွဲဖူးရင် ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့အသင်းတွေထက် ပိုပြီးတော့ စိန်ခေါ်နိုင်စွမ်းရှိသူဖြစ်စေနိုင်တယ်။ ကျွန်တော်တို့ ရဲ့ပင်ကိုစိတ်အခံကို ပြောင်းလဲ ပစ်ရပါမယ်’’ ဟု တူချယ်က ပြော သည်။

တူချယ်၏ ပီအက်စ်ဂျီသည် ပြင်သစ်လီဂူးဝမ်းအစ ငါးပွဲဆက် နိုင်ပွဲရရှိထားပြီး အမှတ်ပေးဇယား ထိပ်ဆုံး၌ ဦးဆောင်နေကာ ဒုတိယနေရာမှ မာဆေးကို ငါး မှတ် ဖြတ်ထားသည်။

ထိုအတောအတွင်း လီဗာပူး နည်းပြဂျာဂန်ကလော့ပ်က လီဗာပူးအနေဖြင့် ၁၉၉၀ နောက်ပိုင်း ပရီးမီးယား လိဂ်ဖလား ပထမဆုံး ဆွတ်ခူးနိုင်ရေး စိတ်နှစ်ထားရုံမက ပြိုင်ပွဲစုံတွင် အာရုံစိုက်ထားကြောင်း အလေးအနက် ပြောထားသည်။

ထို့အပြင် ပီအက်စ်ဂျီနှင့်ပွဲ တွင် လူစုံထုတ် ကစားမည်ဖြစ် ကြောင်း ကလော့ပ်က ပြောကြား သည်။

လီဗာပူးသည် ပရီးမီးယား လိဂ်အဖွင့် ငါးပွဲစလုံး ရာနှုန်းပြည့် အနိုင်ရထားပြီး ထိပ်ဆုံးရှိချယ်လ်ဆီးနှင့် ရမှတ် တူသော်လည်း ဂိုး ကွာခြားချက်ကြောင့် အမှတ်ပေး ဇယားဒုတိယနေရာတွင် ရပ်တည်နေသည်။

—Ref: Independent/skysport