တောင်သူများဝင်ငွေတိုးတက်ရေးအကြံပြုဆွေးနွေးခြင်းနှင့် ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲကျင်းပ

 

လေးမျက်နှာ စက်တင်ဘာ ၁ဝ

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ် ပန်းတောကြီးအုပ်စု ပန်းတောကြီးကျေးရွာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်ဦးအောင်တင်မြင့်နှင့် ပါတီဝင်တောင်သူများတွေ့ဆုံ၍ ဝင်ငွေတိုးတက်ရေးအတွက် အကြံပြုဆွေးနွေးခြင်းနှင့် ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေး ပါတီဗဟိုအလုပ်အမှုဆောင် တောင်သူလယ်သမားရေးရာတာဝန်ခံ ဦးအောင်တင်မြင့်က တောင်သူများ ၏ လူမှုဘဝတိုးတက်မြင့်မားရေး အတွက် သမားရိုးကျစိုက်ပျိုးသီးနှံ များအပြင် ဈေးကွက်ဝင်သီးနှံများ စိုက်ပျိုးနိုင်ရေးနှင့် တောင်သူများ၏ အကျိုးစီးပွားဖွံ့ဖြိုး တိုးတက်ရေး အတွက် ပြည်ခိုင်ဖြိုးပါတီမှ ပံ့ပိုး ဆောင်ရွက်ပေးသွားမည့်အစီအစဉ် များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ပါတီဝင်သစ် တောင်သူ ၁ဝဝ ၏ ပါတီဝင်အဆို ပြုလွှာများအား မြို့နယ်ပါတီ တာဝန်ခံ ဦးစိန်ဝင်းအောင်က မြို့ နယ်ပါတီဘဏ္ဍာရေးမှူးဦးသန်းမြင့် ထံသို့ပေးအပ်ခဲ့ပြီး အခမ်းအနားရုပ် သိမ်းခဲ့ကြောင်း သိရသည်။

ရွှေမိုး(လေးမျက်နှာ)