တူရကီက အမေရိကန်သံရုံးမှာ ပစ်ခတ်မှုဖြစ်

အန်ကာရာ၊ သြဂုတ် ၂၁

နေတိုးအဖွဲ့ဝင် နှစ်နိုင်ငံဖြစ်တဲ့ အမေရိကန်နဲ့ တူရကီနိုင်ငံတို့ တင်းမာမှု အရှိန်မြင့်တက်နေချိန်မှာ တူရကီမြို့တော် အန်ကာရာမှာရှိတဲ့ အမေရိကန်သံရုံးမှာ သြဂုတ် ၂၀ ရက် အစောပိုင်းက သေနတ်ပစ်ခတ်မှုဖြစ်ပွားပေမယ့် သေဆုံးဒဏ်ရာရမှု မရှိဘူးလို့ နှစ်နိုင်ငံတာဝန်ရှိသူတွေက ပြောပါတယ်။

အမေရိကန်သံရုံးမှာ သေနတ်ခြောက်ချက် ပစ်ခတ်မှု ဖြစ်ကြောင်း အန်ကာရာအုပ်ချုပ်ရေးမှူးရုံးက ပြောပြီး သုံးချက်ဟာ သံပန်းဂိတ်တံခါးနဲ့ မှန်နံရံတွေကို ထိမှန်တယ်လို့ ဖြည့်စွက်ဆိုပါတယ်။

“သေဆုံးဒဏ်ရာရ ထိခိုက်တာ မရှိပါဘူး။”လို့ အဲဒီရုံးက ထုတ်ပြန်ပါတယ်။

လုံခြုံရေးမတော်တဆမှု ဖြစ်ပွားခဲ့ကြောင်း အမေရိကန်သံရုံး ပြောခွင့်ရသူ ဒေးဗစ်ဂိန်းနားက အေအက်ဖ်ပီကို အတည်ပြုပါတယ်။

“ထိခိုက်ဒဏ်ရာရတဲ့ သတင်း ကျွန်တော်တို့ မရပါဘူး။ အသေးစိတ်ကို စုံစမ်းတုန်းရှိပါသေးတယ်။ တူရကီအမျိုးသားရဲတပ်ဖွဲ့ရဲ့ ချက်ချင်းတုံ့ပြန်ဆောင်ရွက်ပေးမှုအတွက်တော့ ကျွန်တော်တို့ ကျေးဇူးတင်ရပါတယ်။” လို့ သူက ပြောပါတယ်။

အကြမ်းဖက်မှု စွပ်စွဲချက်တွေနဲ့ အမေရိကန်သင်းအုပ်ဆရာတစ်ဦးကို တူရကီက ဖမ်းဆီးထားတာနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံ အငြင်းပွားနေချိန်ကာလမှာ ခုဖြစ်ရပ် ဖြစ်ပွားပေါ်ပေါက်တာလည်း ဖြစ်ပါတယ်။

တူရကီကနေ အလူမီနီယံနဲ့ သံမဏိ တင်သွင်းခွန်ကို သမ္မတ ထရမ့်က နှစ်ဆတိုးမြှင့်လိုက်သလို တူရကီကလည်း အမေရိကန် ထုတ်ကုန်တွေကို စည်းကြပ်ခွန် ပိုပြီးချမှတ်လိုက်တာကြောင့် နှစ်နိုင်ငံ တင်းမာနေချိန်လည်း ဖြစ်ပါတယ်။

-Ref; AFP