အီရန်အပေါ် အမေရိကန် ပေါ်လစီအတိုင်း နိုင်ငံတကာအသိုင်းအ၀န်းကပါ ကျင့်သုံးရန် အစ္စရေးတိုက်တွန်း

ဂျေရုဆလင်၊ သြဂုတ် ၂၁

အီရန်နျူကလီးယား သဘောတူညီမှုက ရုပ်သိမ်းပြီး အီရန်အစိုးရအပေါ် ပြင်းထန်တဲ့ သံတမန်ရေးရာ ရပ်တည်ခြင်းအတွက် အမေရိကန်ကို ကျေးဇူးတင်ကြောင်း အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ယာဟုက သြဂုတ် ၂၀ ရက်က ပြောလိုက်ပါတယ်။

ဒါအပြင်လည်း အမေရိကန်ရဲ့ အီရန်အပေါ် ဆက်ဆံမှုပုံစံဟာ နိုင်ငံတကာအသိုင်းအ၀န်းအတွက် စံဥပမာတစ်ရပ်ပဲ ဖြစ်တယ်လို့ ၎င်းက ဖြည့်စွက်ဆိုပါတယ်။

ကုလသမဂ္ဂသံတမန်ဟောင်းဖြစ်ပြီး အီရန်နျူကလီးယား သဘောတူညီမှုကို လူသိရှင်ကြား ဆန့်ကျင်တဲ့ အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး ဂျွန်ဘော့တန်နဲ့ ဂျေရုဆလင်မှာ ပြုလုပ်တဲ့ ပူးတွဲသတင်စာရှင်းလင်းပွဲမှာ နေတန်ယာဟုက ပြောခဲ့တာ ဖြစ်ပါတယ်။

ဂျွန်ဘော့တန်ကို အမျိုးသားလုံခြုံရေးအဖြစ် ခန့်အပ်လိုက်ပြီး တစ်လတောင် မပြည့်တဲ့အချိန်မှာပဲ အီရန်နျူကလီးယား သဘောတူညီမှုကနေ သမ္မတ ဒေါ်နယ်ထရမ့်က နုတ်ထွက်လိုက်တာပဲ ဖြစ်ပါတယ်။

“နျူကလီးယား သဘောတူညီမှုဟာ အီရန်ကို နျူကလီးယားဗုံး ထုတ်လုပ်မယ့် လမ်းကြောင်းကို မပိတ်ဆို့နိုင်ပါဘူး။ အီရန်ကို နျူကလီးယားလက်နက်သိုက် ရရှိသွားအောင်တောင် လမ်းကြောင်းပေးနေတဲ့ သဘောတူညီမှုပဲ ဖြစ်တယ်။”လို့ ၀န်ကြီးချုပ်ရုံးမှာ သတင်းမီဒီယာသမားတွေကို နေတန်ယာဟုက ပြောပါတယ်။

“အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးကို ဂရုစိုက်တဲ့ နိုင်ငံအားလုံးအနေနဲ့ အမေရိကန်ရဲ့ ဦးဆောင်မှုကို နောက်က လိုက်ပြီး အီရန်ကို ဖိအားတွေ ပိုမိုပေးရမှာ ဖြစ်တယ်လို့ ကျွန်တော် ပွင့်ပွင့်လင်းလင်း ပြောချင်ပါတယ်။”ဆိုပြီး နေတန်ယာဟုက ပြောခဲ့ပါတယ်။

-Ref; AFP