စာရေးဝန်ထမ်း စွမ်းရည်မြှင့်သင်တန်းဖွင့်ပွဲသို့ ပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီးကိုယ်စားလှယ်တက်ရောက်

 

မိတ္ထီလာ၊ သြဂုတ် ၂ဝ

မိတ္ထီလာမြို့ ကန်တော်မင်္ဂလာခန်းမတွင် ယမန်နေ့နံနက် ၉ နာရီမှစ၍ မိတ္ထီလာမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့်စာရေးဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားမှု သင်တန်းအမှတ်စဉ် (၂/၂ဝ၁၈) ဖွင့်လှစ်ခဲ့သည်။ သင်တန်းဖွင့်ပွဲတွင် မိတ္ထီလာမြို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးသက်လွင်က အဖွင့်အမှာစကားပြောကြားကာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးအုန်းဌေးကသင်တန်းဖွင့်ရခြင်း၏ ရည်ရွယ်ချက်၊ စည်းမျဉ်း၊ စည်းကမ်းများကို ပြောကြားသည်။
အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ မိတ္ထီလာမြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်) ဦးစိုးသန်းနှင့် ဖိတ်ကြားထားသော ဒေသဆိုင်ရာများ တက်ရောက်ကြသည်။ သင်တန်းသို့ ရပ်ကွက်ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူး ၇၂ ဦး၊ စာရေးဝန်ထမ်း ၇၂ ဦး စုစုပေါင်း ၁၄၄ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ယနေ့မှ ယခုလ ၂၄ ရက်အထိ ငါးရက်ဖြစ်ကြောင်း သိရသည်။

စိုးလှိုင်(ထီလာ)