LG ရဲ့ ခေါက်နိုင်တဲ့ Panel မူပိုင်ခွင့်အရေအတွက် Samsung ထက် ပိုမိုများပြား

ကိုရီးယားမှာ လွန်ခဲ့တဲ့ ၆ နှစ်ကျော်အတွင်း ခေါက်နိုင်တဲ့ panel တွေနဲ့ ပတ်သက်တဲ့ စုစုပေါင်း မူပိုင်ခွင့် ၂၇၆ ခု လျှောက်တင်ခဲ့ကြောင်း ကိုရီးယားဉာဏမူပိုင်ခွင့်ရုံး (KIPO) က ပြောကြားခဲ့ပါတယ်။ အဲ့ဒီအထဲက မူပိုင်ခွင့် ၂၁၀ ကို ပြီးခဲ့တဲ့ သုံးနှစ်အတွင်း တင်သွင်းခဲ့တာ ဖြစ်ပါတယ်။

“LG Display က မူပိုင်ခွင့် ၉၄ ခုနဲ့ အများဆုံး တင်ခဲ့သူပါ။ သူ့ရဲ့အနောက်မှာ ပြိုင်ဘက် Samsung Display က မူပိုင်ခွင့် ၈၀ နဲ့ ရပ်တည်နေပါတယ်။ လွန်ခဲ့တဲ့ ခြောက်နှစ်ကျော်ကတော့ Samsung Electronics က ၂၃ ခုနဲ့ LG Electronics က ၁၇ ခု ရှိခဲ့ပါတယ်” လို့ ကိုရီးယား ဉာဏမူပိုင်ခွင့်ရုံးရဲ့ ပြောကြားချက်ကို Korea Herald သတင်းစာက ကိုးကားဖော်ပြခဲ့ပါတယ်။

Samsung ဟာ ကုမ္ပဏီရဲ့ ပထမဆုံး ခေါက်စမတ်ဖုန်းကို လာမယ့်နှစ် အစောပိုင်းမှာ မိတ်ဆက်ဖွယ်ရှိသလို Huawei ကလည်း အလားတူထုတ်ကုန်ကို Samsung ထက်အရင် မိတ်ဆက်သွားဖို့ ကြိုးပမ်းနေပါတယ်။ Apple ကလည်း LG display တွေကိုသုံးထားတဲ့ ခေါက်စမတ်ဖုန်းတစ်မျိုးကို ၂၀၂၀ မှာ ထောက်ပံ့သွားဖွယ်ရှိတယ်လို့ သတင်းထွက်နေပါတယ်။ အခြားစမတ်ဖုန်း ကုမ္ပဏီတွေဖြစ်တဲ့ OPPO နဲ့ Xiaomi တို့လည်းပဲ ကိုယ်ပိုင် ခေါက်စမတ်ဖုန်းတွေကို မကြာခင် မိတ်ဆက်သွားဖို့ စီစဉ်နေပါတယ်။

ခေါက်စမတ်ဖုန်းတစ်လုံးကို ပိုင်ဆိုင်သူတွေဟာ ဖုန်းကိုခေါက်ထားတဲ့အခါမှာ သာမန်ဖုန်းတစ်လုံးလို အသုံးပြုနိုင် သလို ဖြန့်လိုက်တဲ့အခါမှာလည်း tablet တစ်လုံးလို အသုံးပြုနိုင်ပါတယ်။ ဒါပေမဲ့လည်း displayအပြင် နောက်ထပ် အကြီးမားဆုံး စိန်ခေါ်မှုတစ်ရပ်ရှိနေပြီး အဲ့ဒါကတော့ ကြိမ်ဖန်များစွာ စမ်းသပ်မှုခံနိုင်သလို အကြိမ် ထောင်ပေါင်း များစွာ ခေါက်နိုင်မယ့် စက်ကိရိယာတစ်ခု ဖန်တီးနိုင်ဖို့ ဖြစ်ပါတယ်။

“ခေါက်စမတ်ဖုန်းတွေက တိုးတက်မှုနှေးကွေးနေတဲ့ စမတ်ဖုန်းဈေးကွက်ကို လုံးဝကွဲပြားခြားနားတဲ့ ဒီဇိုင်းတွေ၊ တီထွင်ဆန်းသစ်တဲ့ နည်းပညာတွေနဲ့အတူ မြှင့်တင်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်” လို့ KIPO ရဲ့ display device screening ဌာနအကြီးအကဲဖြစ်သူ Kim Jong-chan က ပြောကြားခဲ့ပါတယ်။

Ref: PocketNow