ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများတွင် တာဝန်ထမ်းဆောင်လိုသူများ၏ လျှောက်လွှာများ ဇွန်လ ၂၁ ရက် နောက်ဆုံးထား ပေးပို့ရမည်

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်တွင် တာဝန်ထမ်းဆောင် လိုသူများ၏ အဆိုပြုလျှောက်လွှာများကို ဇွန်လ (၂၁) ရက်နေ့ နောက်ဆုံးထား ပေးပို့ရမည်ဖြစ်ကြောင်း ယင်းကော်မရှင်မှ ညွှန်ကြားရေးမှူး ဦးစိုင်းကျော်သူက ပြောသည်။

အစိုးရသစ် လက်ထက်တွင် ပြည်ထောင်စုအဆင့် ကော်မရှင်အဖွဲ့ဝင်များကို ပြည်ထောင်စုလွှတ်တော်မှတစ်ဆင့် အတည်ပြု ခန့်အပ်ထားပြီးဖြစ်သော်လည်း တိုင်းဒေသကြီး/ ပြည်နယ်အဆင့်မှ မြို့နယ်အဆင့်အထိ သက်ဆိုင်ရာ ကော်မရှင်များ၏ အဖွဲ့အစည်းဝင်များကိုမူ ရွေးချယ်ခန့်အပ်ခြင်း မရှိသေးပေ။

ယင်းကြောင့် သက်ဆိုင်ရာကော်မရှင် အဆင့်ဆင့်တွင် ဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင် ရာထူးနေရာများအတွက် တာဝန် ထမ်းဆောင်လိုသူများအနေနှင့် သက်ဆိုင်ရာကော်မရှင်ရုံးများ (သို့မဟုတ်) ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ထံသို့ တိုက်ရိုက်အဆိုပြုလျှောက်လွှာများ ပေးပို့ရန် မေလ ၃ဝ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

“အရင်တုန်းကတော့ သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲတွေက တင်ပြလာတဲ့အတိုင်း ခန့်အပ်တာဖြစ်တယ်၊ ဒီတစ်ခေါက်မှာတော့ အားလုံးလည်း ပါဝင်နိုင်အောင် လျှောက်လွှာပုံစံမျိုးနဲ့ စိတ်ပါဝင်စားတဲ့သူတွေ လျှောက် နိုင်အောင် စီစဉ်ထားတာပါ” ဟု ၎င်းကဆိုသည်။

အဆိုပါ ကော်မရှင်များတွင် တာဝန်ထမ်းဆောင်လိုသူများအတွက် အရည်အချင်း သတ်မှတ်ချက်များ ထုတ်ပြန် ရာတွင် နိုင်ငံရေးပြစ်မှုကြောင့် တရားရုံး၏ ပြစ်ဒဏ်စီရင်ချက် ကျခံဖူးသူ မဖြစ်စေရဟူသော အချက်နှင့်ပတ်သက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အပေါ် နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများက ဝေဖန်လျက်ရှိသည်။

သို့သော်လည်း အဆိုပါသတ်မှတ်ချက်သည် ရွေးကောက်ပွဲကော်မရှင်၏ ဥပဒေများအရ ထည့်သွင်းထားခြင်းဖြစ် သော်လည်း ခေတ်စနစ်နှင့် ကိုက်ညီမှုမရှိသောကြောင့် ပြန်သုံးသပ်မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသည်။

The Voice Weekly


Leave a Reply