လွှတ်တော် ထောက်ခံချက် မရပါက အစိုးရ ယန္တရားကို ရပ်တန့်ထားမည်ဟု ထရမ့်ခြိမ်းခြောက်

လွှတ်တော်ထံမှ ခိုင်မာသော ထောက်ခံကူညီမှု မရပါက အစိုးရ ယန္တရားကို ရပ်တန့်ထားမည်ဟု အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ခြိမ်းခြောက်ခဲ့သည်။

မက္ကဆီကိုနှင့် နယ်နိမိတ်တလျှောက် တံတိုင်းကာမည့် ကိစ္စနှင့် လူဝင်မှု ကြီးကြပ်ရေး မူဝါဒပိုင်း ပြောင်းလဲရန် ကိစ္စများတွင် လွှတ်တော်က အသုံးစရိတ် ခွင့်ပြု ထောက်ခံမှု မရှိပါက လက်ရှိ ဘတ်ဂျတ် ကုန်ဆုံးမည့် စက်တင်ဘာလ၌ အစိုးရ ယန္တရားကို ရပ်တန့်ထားမည့် သဘောမျိုး ထရမ့်က Twitterတွင် ရေးသား ခြိမ်းခြောက်ခဲ့သည်။

“ဒီမိုကရက် အမတ်တွေက ကျုပ်တို့ရဲ့ နယ်စပ်လုံခြုံရေး မူဝါဒတွေမှာ ပါဝင် ထောက်ခံချက် မပေးဘူးဆိုရင် အစိုးရကို ရပ်တန့်ထားဖို့ ဆန္ဒရှိပါတယ်။ ဒီမူဝါဒတွေမှာ တံတိုင်းဆောက်ဖို့၊ လူဝင်မှု ဥပဒေတွေ ကြပ်မတ်ပြင်ဆင်ဖို့ အားလုံး ပါဝင်တယ်။ ကျုပ်တို့ နိုင်ငံကို ထက်မြက်ထူးချွန်တဲ့ ပုဂ္ဂိုလ်တွေသာ ဝင်ရောက်လာတာမျိုး ဖြစ်ဖို့ လိုပါတယ်”ဟု ထရမ့်က Twitterတွင် ရေးသားထားခဲ့သည်။

ထရမ့်အနေဖြင့် လွှတ်တော်အဆင့် မူဝါဒရေးရာ ဆွေးနွေးမှုများတွင် ၎င်း၏ ဆန္ဒ ဖြစ်မြောက်ရေး ဖိအားပေးရန်အတွက် ဝှက်ဖဲတစ်ချပ်ကို ထုတ်သုံးလာခြင်းဟု လေ့လာသူများက ဆိုသည်။ အကယ်၍ အစိုးရ ယန္တရား လည်ပတ်မှု ရပ်တန့်သွားပါက အလွန်အရေးကြီးသည့် ကန့်သတ် ဌာန အချို့မှလွဲ၍ အမေရိကန် အစိုးရ၏ ဝန်ကြီးဌာနများ၊ အခြားသော လုပ်ငန်းများကို ရပ်နားထားရမည် ဖြစ်သည်။

ထရမ့်သည် ယခင်ကတည်းက ၎င်း၏ တံတိုင်းကာကွယ်ရေးကိစ္စကို အတိုက်အခံများက ကန့်ကွက်နေပါက အစိုးရ၏ လုပ်ငန်းလည်ပတ်မှုကို ယာယီ ဆိုင်းငံ့ထားလိုသည့် သဘောမျိုး အရိပ်အမြွက် ခြိမ်းခြောက်ခဲ့ဖူးသည်။ 

မက္ကဆီကိုနှင့် နယ်စပ်တလျှောက် တံတိုင်းတည်ဆောက် ကာကွယ်ရေးသည် ရွေးကောက်ပွဲကြို ကာလတွင် ထရမ့်က မဲဆန္ဒရှင်များကို ပေးအပ်ခဲ့သည့် အရေးပါသော မဟာဗျူဟာ ကတိစကား တစ်ခွန်းလည်း ဖြစ်သည်။

Ref: CNN