၂၁ ရာစုပင်လုံ သဘောတူညီချက် ၁၄ ချက်ကို ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၂)အဖြစ် ချုပ်ဆို

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစု ပင်လုံတတိယ အစည်းအဝေးက အတည်ပြုသည့် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍလေးရပ်မှ သဘော တူညီချက် ၁၄ ချက် ကို ပြည်ထောင်စု သဘောတူစာချုပ်အစိတ်အပိုင်း(၂) အဖြစ် ချုပ်ဆိုခဲ့သည်။

နေပြည်တော်၌ ဇူလိုင် ၁၁ မှ ၁၆ ရက်အထိ ကျင်းပခဲ့သော ၂၁ ရာစု ပင်လုံတတိယအစည်း အဝေးတွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များနှင့် နိုင်ငံရေး ပါတီတို့မှ ညီလာခံကိုယ်စားလှယ် များသည် ပြည်ထောင်စုငြိမ်းချမ်း ရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC)မှ ညီလာခံသို့ တင်သွင်း လာသည့် အဆိုပြုချက်အားလုံး ကို ညီလာခံ သဘော တူညီချက် အဖြစ် အတည်ပြုနိုင်ခဲ့သည်။

UPDJC သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) အရ ဖွဲ့စည်းထားသည့် အစုအဖွဲ့ဖြစ်ပြီး ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံအပါအဝင် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပရေး အတွက် အဓိကတာဝန်ယူရသည့် အဖွဲ့ဖြစ်သည်။ ခြောက်ရက်ကြာ ကျင်းပခဲ့သည့် ညီလာခံရလဒ်များနှင့် ပတ်သက်ပြီး အစုအဖွဲ့အသီးသီး၏ UPDJC အတွင်းရေးမှူးများနှင့် ကိုယ်စားလှယ်များက ညီလာခံသို့ တင်သွင်း ခြင်း၊ ထောက်ခံဆွေး နွေးခြင်းပြုလုပ်ခဲ့သည်။

နိုင်ငံရေးကဏ္ဍ အခြေခံမူလေးချက်ကို တပ်မတော်အစုအဖွဲ့ညီလာခံကိုယ်စားလှယ် ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း)ကလည်းကောင်း၊ စီးပွားရေးကဏ္ဍ အခြေခံမူတစ်ချက်ကို အစိုးရအစု အဖွဲ့ကိုယ်စားလှယ် ဦးလှမောင် ရွှေကလည်းကောင်း၊ လူမှုရေးကဏ္ဍအခြေခံမူ ခုနစ်ချက်ကို နိုင်ငံရေးပါတီကိုယ်စားလှယ် ဦးနိုင်ငံလင်းက လည်းကောင်း၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍ အခြေခံမူနှစ်ချက်ကို တိုင်းရင်းသားလက်နက်ကိုင် အစုအဖွဲ့မှ ခွန်မြင့်ထွန်းက လည်းကောင်း ညီလာခံသို့ အဆိုပြုတင်သွင်းပြီး အတည်ပြုပေးရန် တင်ပြရာ အစုအဖွဲ့ အသီးသီးမှ ကိုယ်စားလှယ် များက ထောက်ခံကြောင်းဆွေးနွေးခဲ့သည်။ ထို့နောက် ညီလာခံ ဦးဆောင်သဘာပတိ၊ ကရင်အမျိုးသားအစည်းအရုံး (KNU)ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက အတည်ပြုကြောင်း   ကြေညာခဲ့သည်။ သဘာပတိ အဖွဲ့တွင် အစိုးရ၊လွှတ်တော်၊ တပ်မတော်၊ နိုင်ငံရေးပါတီနှင့် တိုင်းရင်းသားအဖွဲ့ ကိုယ်စားလှယ်များ ပါဝင်သည်။

၂၁ ရာစုပင်လုံတတိယအ စည်းအဝေးက အတည်ပြုသည့် ကဏ္ဍလေးရပ်မှ သဘောတူညီချက် ၁၄ ချက်ကို အစိုးရအစု အဖွဲ့မှ ဒေါက်တာတင်မျိုးဝင်း၊ လွှတ်တော်အစုအဖွဲ့မှ ဦးအောင်စိုး၊ တပ်မတော်အစုအဖွဲ့မှ ဗိုလ်ချုပ်စန်းမြင့်၊ တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့မှ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်း၊ နိုင်ငံရေးပါတီ အစုအဖွဲ့မှ ဦးသုဝေတို့က လက်မှတ်ရေးထိုးပြီး ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၂) အဖြစ် ချုပ်ဆိုခဲ့သည်။ တိုင်းရင်းသားအစုအဖွဲ့နှင့် ပါဝင်သင့် ပါဝင်ထိုက်သူများအစု အဖွဲ့ကိုယ်စားလှယ်များက အသိ သက်သေ အဖြစ် လက်မှတ်ရေး ထိုးခဲ့သည်။

‘‘ခြောက်ရက်တာ ကျင်းပ ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုငြိမ်း ချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ၊ တတိယအစည်းအဝေး ကတော့ ဒီကနေ့ ပြည်ထောင်စုသဘောတူ စာချုပ်ရဲ့အစိတ်အပိုင်း(၂)ကို လက်မှတ်ရေးထိုးနိုင်ခြင်းနဲ့ အောင်မြင်စွာ မှတ်တိုင်စိုက်ထူနိုင်ခဲ့ပါပြီ’’ဟု နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၁ ရာစုပင်လုံ ညီလာခံ ပိတ်ပွဲအခမ်းအနားတွင် ပြောကြားသည်။ ညီလာခံတွင် အခြေခံမူ ၁၄ ချက်သာ ရရှိသော်လည်း အစု အဖွဲ့အားလုံး၏သဘောတူညီမှု များရရှိအောင် ရှာဖွေနိုင်ခဲ့ခြင်းသည် ဝမ်းမြောက်ဂုဏ်ယူဖွယ်ဖြစ် သည်ဟု UPDJC ဥက္ကဋ္ဌလည်းဖြစ် သူ ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ညီလာခံတွင် ရရှိခဲ့သည့် သဘောတူညီချက်နည်းသည်ဟု မြင်မည်ဖြစ်သော်လည်း တစ်နှစ် ကျော်ကြာမကျင်းပနိုင်ခဲ့သည့် ညီလာခံကို ကျင်းပနိုင်ခြင်း၊ အခက်အခဲများနှင့် သဘောထားကွဲ လွဲမှုများစွာရှိသည့်ကြားမှ ရလဒ် ကောင်းများထွက်ပေါ်လာခြင်းက ငြိမ်းချမ်းရေးဖြစ်စဉ် ရှေ့ဆက်ရွေ့ နေသည့် သင်္ကေတဖြစ်သည်ဟု ၎င်းက ဆိုသည်။ ‘‘ကျွန်မတို့အားလုံး အပြန်အလှန် နားလည်မှုနဲ့ ကြိုးပမ်းအားထုတ်နိုင်ခဲ့ကြခြင်းကြောင့် အားလုံးပိုင်ဆိုင် တဲ့ နိုင်ငံရေးဆွေးနွေးပွဲ လုပ်ငန်းစဉ်ရှေ့ဆက်နိုင်အောင် လုပ်ဆောင်နိုင်ခြင်းဟာ ဒီညီလာခံ ကြီးရဲ့အဓိက အနှစ် သာရပဲဖြစ်ပါတယ်။ ဒီကနေ့ လက်မှတ်ရေးထိုးနိုင်ခဲ့တဲ့ အစိတ်အပိုင်း(၂)သဘောတူညီချက်တွေဟာ ကျွန်မတို့ညီ လာခံကြီးရပ်တန့်မနေဘူး။ နောက်ပြန်လှည့်မသွားဘူး။ ရှေ့ကို ခက်ခက်ခဲခဲတက် လှမ်းနေတယ်ဆိုတာကို အထင်အရှား ဖော်ပြနေတာပါ’’ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ယခု ၂၁ ရာစုပင်လုံရလဒ်ဖြစ်သော သဘောတူညီချက် ၁၄ ချက်သည် အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် နိုင်ငံရေး ပါတီများမှ ညီလာခံကိုယ်စား လှယ်များအကြား ဒုတိယအကြိမ် ရရှိခဲ့သော နိုင်ငံရေးဆွေးနွေးပွဲ သဘောတူညီချက်များဖြစ်သည်။ လွတ်လပ်ရေးရပြီးနောက်ပိုင်း ပထမဆုံး နိုင်ငံရေး ဆွေးနွေးပွဲသဘောတူညီချက်ကို ၂၀၁၇ မေလက ကျင်းပခဲ့သော ၂၁ ရာစု ပင်လုံ ဒုတိယအစည်းအဝေး တွင်ရရှိခဲ့သည်။ ထိုစဉ်က နိုင်ငံရေး ကဏ္ဍမှ ၁၂ ချက်၊ စီးပွားရေးကဏ္ဍ၁၁ ချက်၊ လူမှုရေးကဏ္ဍလေးချက်၊ မြေယာနှင့် သဘာဝ ပတ်ဝန်းကျင်ကဏ္ဍ ၁၀ ချက်စုစုပေါင်း ကဏ္ဍလေးရပ်မှ မူဝါဒသဘောတူ ညီချက် ၃၇ ချက်ရရှိ ထားသည်။

ထို့ကြောင့် ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးနှင့် တတိယ အစည်းအဝေးနှစ်ခုပေါင်းတွင် အစိုးရ၊ တပ်မတော်၊ လွှတ်တော်၊  တိုင်းရင်းသားလက်နက်ကိုင်အ ဖွဲ့များနှင့် နိုင်ငံရေးပါတီများ သဘောတူညီသည့် အခြေခံမူ အချက် ၅၁ ချက်ကို ပြည်ထောင် စုသဘောတူစာချုပ် (Union Accord) တွင် ထည့်သွင်းချုပ်ဆို နိုင်ခဲ့သည်။ ပြည်ထောင်စု သဘောတူစာချုပ်အစိတ်အပိုင်း(၂) ချုပ်ဆိုနိုင်ခြင်းသည် NCA အကောင်အထည်ဖော်မှုလုပ်ငန်းနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးတည် ဆောက်မှုလုပ်ငန်းအဆင့်တစ်ဆင့် တိုးတက်ခြင်းဖြစ်သည်ဟု KNU ဒုဥက္ကဋ္ဌ ပဒိုစောကွယ် ထူးဝင်းက ပြောသည်။

‘‘တစ်ချိန်က မိမိတို့ရဲ့အမျိုးသားများရဲ့ နိုင်ငံရေးလိုလားချက်၊ ရပ်တည်ချက်တွေကို ရရှိဖို့အတွက် လက်နက် ကိုင်နည်း၊ တော်လှန်ရေးနည်းလမ်းနဲ့ အသက်ပေါင်းများစွာရင်းပြီး ရုန်းကန် တိုက်ပွဲ ဝင်ရာကနေ အခုလို အတူ တကွ ပဋိပက္ခဖြစ်ပွားဖက်များအကြား မျက်နှာချင်းဆိုင်ပြီးတန်းတူ ရည်တူဆွေးနွေးငြင်းခုံ အဖြေရှာနိုင်တဲ့ အဆင့်တစ်ဆင့်ကို ရောက်ရှိလာနိုင်အောင် အမြော်အမြင် ရှိရှိဆောင်ရွက်ခဲ့တဲ့ နိုင်ငံတော်၏အ ခေါင်းဆောင်များ အားလုံးကို တိုင်းရင်းသားပြည်သူများရဲ့ ကိုယ်စား အထူးကျေးဇူးတင်ရပါကြောင်း ပြောကြားလိုပါတယ်’’ဟု ညီလာခံ ဦးဆောင်သဘာပတိ လည်းဖြစ်သူ ပဒိုစောကွယ်ထူးဝင်း က ဆိုသည်။

ယခင်ကျင်းပခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံဒုတိယအစည်းအဝေးနှင့် ယခုကျင်းပ သည့် တတိယအစည်းအဝေးတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့် သဘာဝ ပတ်ဝန်းကျင်ကဏ္ဍနှင့် လုံခြုံရေးကဏ္ဍဟူသည့် ကဏ္ဍငါးခုစလုံးကို ဆွေးနွေးခဲ့သော်လည်း ညီလာခံနှစ်ခုစလုံးတွင် လုံခြုံရေးကဏ္ဍ၌ သဘောတူညီချက် မရခဲ့ပေ။ လုံခြုံရေးကဏ္ဍတွင် သဘောတူညီချက် မရရှိသေးခြင်းနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်း စုကြည်ကလည်း ထောက်ပြဆွေးနွေး သည်။

‘‘လုံခြုံရေးကဏ္ဍကို ညှိနှိုင်း ကြရာမှာ အဘက်ဘက်က သတိကြီးစွာနဲ့ ဆောင်ရွက်နေတာကို တွေ့ရှိရပါတယ်။ လုံခြုံရေးကဏ္ဍမှာ ရလဒ်ထွက်နိုင်ဖို့က ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် အများကြီး အရေးကြီးပါတယ်။ ပြီးပြည့်စုံတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး သဘောတူညီမှုဖြစ်ဖို့ဆိုတာ လုံခြုံရေးကဏ္ဍဆိုင်ရာ သဘောတူညီ ချက်တွေ ပါဝင်မှ ဖြစ်မှာပါ’’ဟု ဒေါ်အောင်ဆန်းစုကြည်က ပြော သည်။

၂၁ ရာစုပင်လုံတတိယအ စည်းအဝေးမတိုင်မီ အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်များသည် လုံခြုံရေးကဏ္ဍသဘောတူ ညီချက်ရရှိရေးအတွက် အလွတ် သဘောလေးကြိမ် တွေ့ဆုံ ညှိနှိုင်းသော်လည်း   ပြေလည်မှုမရခဲ့ပေ။ လုံခြုံရေးကဏ္ဍသဘောတူ ညီချက်ရရှိရေးအပါအဝင် ပိုမို ကောင်းမွန် သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဖြစ်ပေါ်ရေးကြိုးစား မည်ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အရှိန်မြှင့်နိုင်ရေးအတွက် ယခု၂၁ ရာစုပင်လုံတတိယအစည်းအဝေးက သဘောထား ကြေညာချက် ထုတ်ပြန်ကြေညာခဲ့သည်။ ၂၁ ရာစုပင်လုံကို နှောင့်နှေးကြန့်ကြာမှု မရှိဘဲ သတ်မှတ်ချိန်အတိုင်း ကျင်းပနိုင်ရေး ရည်ရွယ်၍ ထိုသို့ ထုတ်ပြန်ခြင်းဖြစ် သည်။

ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စု၏ အခြေခံအုတ်မြစ်အဖြစ် ဒီမိုကရေစီနှင့် ဖက်ဒရယ်ဆိုင်ရာ အခြေခံမူများ ချမှတ်နိုင်ရေး ၂၀၁၈ အတွင်း ညီလာခံတစ်ကြိမ်၊ ၂၀၁၉ အတွင်း ညီလာခံနှစ်ကြိမ် ကျင်းပရေးဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။ ယင်းညီလာခံများတွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်ဆိုင်ရာ အခြေခံမူ များကို အုတ်မြစ်အဖြစ် ချမှတ်နိုင်ရေး အစုအဖွဲ့အသီးသီးက ကြိုးပမ်းဆောင်ရွက်ရန်နှင့် ၂၀၂၀ ပြည့်နှစ်အတွင်း ၂၁ ရာစု ပင်လုံအစည်းအဝေးများ လိုအပ်သလို ကျင်းပရန်လည်း ၂၁ ရာစု ပင်လုံညီလာခံက သဘောထား ထုတ်ပြန် ခဲ့သည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစုပင်လုံတတိယ အစည်းအဝေးတွင် သဘောတူ အတည်ပြုပြီး ပြည်ထောင်စု သဘောတူစာချုပ်အစိတ်အပိုင်း(၂) အဖြစ် ချုပ်ဆိုခဲ့သည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင် ဟူသည့် ကဏ္ဍလေးရပ်ပါ အချက်များသည် အောက်ပါအတိုင်း ဖြစ်သည်။

နိုင်ငံရေးကဏ္ဍအခြေခံမူ(၄)ချက်

ကျား၊ မဆိုင်ရာ တန်းတူညီမျှမှု

(က) ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စုကို တည်ဆောက်ရာတွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ မည်သည့်နိုင်ငံသားကိုမျှ ကျား၊ မဆိုင်ရာ လိင်ကွဲပြားမှုကို အခြေခံသော ခွဲခြား ဆက်ဆံခြင်း မရှိစေရေးနှင့် တန်းတူညီမျှမှုရှိစေ ရေးအတွက် မူဝါဒချမှတ်ရမည်။

(ခ) ကဏ္ဍအသီးသီးတွင် အမျိုးသမီးများ အနည်းဆုံး ၃၀ ရာခိုင်နှုန်း ပါဝင်ရေးကို အားပေးရန်။

(ဂ) ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စုကို တည်ဆောက်ရာတွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်သည် ကျား၊ မရေးရာ အခြေပြု အကြမ်းဖက်မှုများအား ကာကွယ်နိုင်သည့်မူဝါဒများကို ချမှတ်အကောင်အထည်ဖော် ဆောင် ရွက်ရန်။

(ဃ) ကျား၊ မဆိုင်ရာ တန်း တူညီမျှမှုကို အထောက်အကူပြု စေရန် အမျိုးသမီးများ၏ စွမ်း ဆောင်ရည်ကို မြှင့်တင်ပေးရမည်။

စီးပွားရေးကဏ္ဍ

အခြေခံမူ(၁)ချက်

တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရများသည် မိမိတို့ တိုင်းဒေသကြီး၊ ပြည်နယ်များအတွင်းရှိ အများပြည်သူ အကျိုးစီးပွားအတွက် ဦးစားပေး အကောင်အထည်ဖော်လုပ်ဆောင်နိုင်ရန် စီးပွားရေး ဆိုင်ရာ ဖွံ့ဖြိုးရေးမူဝါဒနှင့် စီမံကိန်းများကို ရေးဆွဲချမှတ်ဖော်ဆောင်ခွင့်ရှိရမည်။ ထိုသို့ရေးဆွဲရာတွင် ပြည်ထောင်စီးပွားရေးဆိုင်ရာ ဖွံ့ဖြိုးရေး မူဝါဒနှင့်စီမံကိန်းများကို သဟဇာတဖြစ်စေရေးနှင့် ဆက်စပ်သော အခြားတိုင်းဒေသကြီး၊ ပြည်နယ်များ၏ အကျိုးစီးပွားကို ထိခိုက်မှုမရှိစေရေး ထည့်သွင်းစဉ်းစားရန်။

လူမှုရေးကဏ္ဍအခြေခံမူ(၇)ချက်

(၁) ပြန်လည်နေရာချထားရေး၊ ပြန်လည်ထူထောင်ရေး၊ လူမှုဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များအား ဆောင်ရွက်ရာတွင် ဆုံးဖြတ်ချက်ချသည့် အဆင့်တိုင်းနှင့် အ ကောင်အထည်ဖော်မှု အဆင့် တိုင်းတွင် အမျိုးသမီးများ အနည်းဆုံး ၃၀ ရာခိုင်နှုန်း ပါဝင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်။

(၂) လူတိုင်း လက်လှမ်းမီ လွှမ်းခြုံနိုင်သော အားလုံးအကျုံးဝင် ပညာရေးစနစ် ဖော်ဆောင်ရန်။

(၃) လူတိုင်းလက်လှမ်းမီ လွှမ်းခြုံနိုင်သော ကျန်းမာရေး စောင့်ရှောက်မှု (Universal Health Coverage) စနစ်ကို ဖော်ဆောင်ရန်။

(၄) မသန်စွမ်းသူများ၊ ကလေးသူငယ်များ၊ သက်ကြီး ရွယ်အိုများ၊ ကိုယ်ဝန်ဆောင်များ အပါအဝင် အမျိုးသမီး များဆိုင်ရာအခွင့်အရေးများအတွက် ဥပ ဒေများ ပြဋ္ဌာန်းပေးရန်။

(၅) လူမှုဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ရာတွင် လူမှုသဟဇာတ (Social Cohe-sion) သဘောတရား များကို ကျယ်ကျယ်ပြန့်ပြန့် ထည့်သွင်းစဉ်းစား ဆောင်ရွက်ရန်။

(၆) မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါး များ အလွဲသုံးမှုဆိုင်ရာအန္တရာယ် လျှော့ချရေး (Harm Reduction)၊ ကုသရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ထိရောက်သောမူဝါ ဒများ ချမှတ်ဆောင်ရွက်ရန်။

(၇) ကလေးသူငယ်အခွင့် အရေးရရှိရန်နှင့် ကလေးသူငယ်ဘက်စုံဖွံ့ဖြိုးရေးအတွက် ကလေးသူငယ် အခွင့်အရေး များဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းကို လေးစားလိုက်နာရေးနှင့် ကလေးသူ ငယ်များအတွက် ကြီးလေးသော ချိုးဖောက်မှုခြောက်ချက် (Six Grave Violations) ပပျောက်ရေး ကို ဦးတည်၍ စီမံချက်ချမှတ် ဆောင်ရွက်ရန်။

မြေယာနှင့်သဘာဝပတ်ဝန်းကျင် ကဏ္ဍဆိုင်ရာ အခြေခံမူ(၂)ချက်

အကာအကွယ်ပြုရေးဆိုင်ရာ အစီ အမံများ

(၁) နိုင်ငံအတွင်းရှိ မြေယာများကို နိုင်ငံသားများသာ ပိုင်ဆိုင်ခွင့်ရှိပြီး နိုင်ငံခြားသားနှင့် တရားမဝင် နေထိုင် သူများအား တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပိုင်ဆိုင်ခွင့်မရှိစေရ။

(၂) မြေယာကို အသုံးပြု၍ စီမံကိန်းလုပ်ငန်းအမျိုးမျိုး ဖော်ဆောင်ရာတွင် သဘာဝပတ်ဝန်း ကျင်ဆိုင်ရာ ထိခိုက်မှု ဆန်းစစ်ခြင်း၊ လူမှုရေးဆိုင်ရာ ထိခိုက်မှုဆန်းစစ်ခြင်း၊ ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုဆန်းစစ်ခြင်းနှင့် ဒေသခံ ပြည်သူ လူထုနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း စသည့် လုပ်ငန်းများ ကြိုတင်ပြုလုပ်ရမည်။