ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် တောင်သူလယ်သမားရေးရာတာဝန်ခံ ဦးအောင်တင်မြင့် ဇေယျာသီရိ မြို့နယ် ကောက်စိုက်လုံမေများကို တွေ့ဆုံအားပေး

နေပြည်တော်၊ ဇူလိုင် ၁၅

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် တောင်သူလယ်သမားရေးရာ တာဝန်ခံ ဦးအောင်တင်မြင့်နှင့်အဖွဲ့သည် ယမန်နေ့နံနက် ၉ နာရီတွင် ပြည်ထောင်စုနယ်မြေပါတီအတွင်းရေးမှူး ဦးဌေးဝင်း၊ ဇေယျာသီရိမြို့နယ် ပါတီယာယီဥက္ကဋ္ဌ ဦးနိုင်ဦးနှင့် မြို့နယ်၊ ရပ်/ကျေးကော်မတီဝင်များ၊ အမှတ် (၃ဝ၃) ခြေမြန်တပ်ရင်း၊ တာဝန်ခံ ဗိုလ်ကြီးထင်လင်းအောင်တို့နှင့်အတူ တပ်ပိုင်လယ်မြေတွင် မိုးစပါးစိုက်ပျိုးနေသည့် တပ်ရင်းမိသားစု ကောက်စိုက်လုံမေများအား တွေ့ဆုံပြီး တောင်သူလယ်သမားဂျာနယ်နှင့် တောင်သူ လယ်သမားပညာပေးစာစောင်များ၊ ပြည်ထောင်စုနေ့စဉ်သတင်းစာများ၊ ရှေ့ဆောင်ဂျာနယ်၊ ဘူးလက်ဂျာနယ်များ၊ စားသောက်ဖွယ်ရာ အာဟာရမုန့်များ ပေးအပ်လှူဒါန်းခဲ့ရာ မုံရွာမြို့ သန်းကုဋေအောင်ကုမ္ပဏီမှလည်း သောက်ရေသန့်ဘူးများ ပါဝင်လှူဒါန်းခဲ့သည်။

အဆိုပါ လှူဒါန်းပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် တောင်သူလယ်သမားရေးရာနှင့် အလုပ်သမားရေးရာဌာနမှတာဝန်ရှိသူများ၊ ပြည်သူ့ဆက်ဆံရေးနှင့်သတင်းမီဒီယာအဖွဲ့ဝင်များ၊ နိုင်ငံရေးစီမံ ခန့်ခွဲမှုသင်တန်းအမှတ်စဉ် (၅) မှ သင်တန်းသားများ၊ ပြည်ထောင်စုနယ်မြေအတွင်းမှ ပါတီကော်မတီဝင်များနှင့် ပါတီဝင်များ၊ အမှတ် (၃ဝ၃) ခြေမြန်တပ်ရင်းမှ အရာရှိ၊ စစ်သည်မိသားစုများ တက်ရောက်အားပေးကြသည်။

ဆက်လက်၍ အဖွဲ့ဝင်အဖြစ်လိုက်ပါလာသည့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စိုက်ပျိုးရေး/မွေးမြူရေး ဝန်ကြီးဌာနဝန်ကြီး (ငြိမ်း) ဖျာပုံခရိုင် ပါတီဥက္ကဋ္ဌ ဦးစန်းမောင်က လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် သိရှိဆောင်ရွက်သင့်သည်ကိစ္စရပ်များ၊ သီးနှံများ၊ အထွက်တိုးစေဖို့ ကောက်စိုက်လုံမေများ၏ စွမ်းဆောင်ရည် အခန်းကဏ္ဍအရေးကြီးပုံများကို ရှင်းလင်းပြောကြားခဲ့ရာ ဒေသခံတပ်ရင်းမှ တာဝန်ရှိသူများနှင့်ကောက်စိုက်လုံမေ များက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်ခဲ့ကြောင်း သိရသည်။

USA