ဂျူဗင်တပ်နဲ့မိတ်ဆက်ပွဲအတွက် တူရင်ကိုရောက်နေတဲ့ စီရော်နယ်ဒို

ကမ္ဘာ့ဖလားပြိုင်ပွဲက ထွက်ခွာခဲ့ရပြီးနောက်ပိုင်း ဂရိနိုင်ငံမှာ မိသားစုနဲ့အတူ အပန်းဖြေနေတဲ့ တိုက်စစ်မှူး စီရော်နယ်ဒိုဟာ အသင်းသစ်ဂျူဗင်တပ်နဲ့ တရားဝင်မိတ်ဆက်ပွဲအတွက် တနင်္ဂနွေနေ့က တူရင်လေဆိပ်ကို ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ ရောက်ရှိလာခဲ့ပါတယ်။

အသက် 33 နှစ်အရွယ် တိုက်စစ်မှူး စီရော်နယ်ဒိုဟာ ရီးရဲလ်မက်ဒရစ်ကနေ ဂျူဗင်တပ်ကို ပြောင်းရွှေ့ကြေးပေါင်သန်း 100 နဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး ဒီနေ့ (တနင်္လာ)မှာတော့ အသင်းသစ်နဲ့ တရားဝင်မိတ်ဆက်ပွဲ ပြုလုပ်သွားမှာဖြစ်ပါတယ်။

စီရော်နယ်ဒိုရဲ့ တူရင်စွန့်စားခန်းအသစ်အတွက် ချစ်သူဂျော်ဂျီနာရိုဒရီဂွက်ဇ်၊ မိခင်ဒိုလာရက်စ်၊ သားအကြီးဆုံး ခရစ္စတီယာနို ဂျူနီယာတို့ကလည်း အဖော်အဖြစ် လိုက်ပါလာခဲ့ကြပြီး လေဆိပ်ကို ရောက်ရှိလာချိန်မှာ စီရော်နယ်ဒိုက လက်မထောင်ကာ ဓာတ်ပုံရိုက်ခံခဲ့သလို မီဒီယာတွေကိုလည်း ပြုံးရွှင်စွာ နှုတ်ဆက်ခဲ့ပါတယ်။

စီရော်နယ်ဒိုဟာ ဂျူဗင်တပ်အသင်းနဲ့ 4 နှစ်စာချုပ် ချုပ်ဆိုထားတာဖြစ်ပြီး တစ်ပတ်လစာပေါင် 5 သိန်း ရရှိမှာဖြစ်ပါတယ်။ စီရော်နယ်ဒိုရဲ့ ပေါင်သန်း 100 တန်အပြောင်းအရွှေ့ကနေ သူ့ရဲ့အေးဂျင့်ဖြစ်သူ ဂျော့မန်ဒက်စ်က ပေါင် 10.6 သန်း၊ မန်ယူက ပေါင် 4.4 နဲ့ စပို့တင်းလစ္စဘွန်းကလည်း ပေါင် 4.4 သန်း ရရှိခဲ့ပါသေးတယ်။

သူ့ရဲ့ ရောက်ရှိ လာမှုကို ဂျူဗင်တပ်အသင်းက သူတို့ရဲ့ Twitter အကောင့်မှာ ကြိုဆိုခဲ့ပြီး အသင်းပရိသတ်များစွာကလည်း စီရော်နယ်ဒိုရဲ့ မိတ်ဆက်ပွဲကို တက်ရောက်ဖို့ ပြင်ဆင်နေကြတယ်လို့ သိရပါတယ်။

90Minutes