၂၁ ပင်လုံတက်ဖို့ မြောက်ပိုင်း ခေါင်းဆောင်တွေ ရောက်လာ

ဇူလိုင်လ ၁၁ ရက် မှာ ပြုလုပ်မယ့် ၂၁ ရာစု ပင်လုံငြိမ်းချမ်းရေး ညီလာခံကို တိုင်းရင်းသားခေါင်းဆောင်တချို့ ရောက်ရှိလာပါတယ်။ ဒီလိုရောက်တဲ့အထဲမှာ မူလက မတက်ဖို့ ငြင်းဆန်ထားတဲ့ ကိုယ်စားလှယ်တချို့လည်း ပါဝင်ပါတယ်။

၂၁ ပင်လုံ ငြိမ်းချမ်းရေး ညီလာခံကို အလယ်အလတ် အရာရှိတွေလောက်ပဲ စေလွှတ်မယ်လို့ သတင်းထွက်ခဲ့တဲ့ ကေအိုင်အို အဖွဲ့ဟာ ဇူလိုင်လ ၉ ရက်မှာတော့ ဗိုလ်ချုပ်ဂွမ်မော်ဦးဆောင်ပြီး နေပြည်တော်ကို ရောက်လာ ခဲ့ပါတယ်။ ဒါ့အပြင် NCA လက်မှတ်မထိုးသေးတဲ့ SSPP /SSA က ကိုယ်စားလှယ်တွေလည်း နေပြည်တော်ကို ရောက်နေပြီဖြစ်ပါတယ်။

တရုတ်အနေနဲ့ လုံခြုံရေး အာမခံသလို ၂၁ ပင်လုံ အကြိမ်တိုင်းမှာ ကူညီခဲ့တယ်လို့ ဗိုလ်ချူပ် ဂွမ်မော်က ဘီဘီစီကို ပြောပါတယ်။ ၂၁ ပင်လုံတက်ဖို့ ကေအိုင်အို ကိုယ်စားလှယ်တွေ စာရင်းစောစော မပေးရတာဟာ ကချင် လွတ်မြောက်ရေး အဖွဲ့မှာ ပါဝင်နေတဲ့ မြောက်ပိုင်း လက်နက်ကိုင် အဖွဲ့ ၇ ဖွဲ့နဲ့ဖွဲ့ထားတဲ့ ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးမှု ကော်မတီ FPNCC အစည်းအဝေး မပြီးပြတ်သေးတာကြောင့် ကိုယ်စားလှယ်တွေ မရွေးရတာကြောင့် လို့ ဗိုလ်ချုပ်ဂွမ်မော်က ဆိုပါတယ်။

၂၁ ပင်လုံမှာ ရလဒ်ကောင်းမျှော်လင့်ဖို့ ဆိုတာထက် နှစ်အဆက်အသွယ်ပြတ်နေတာကြောင့် ဆက်သွယ်ရေး လမ်းကြောင်း တွေပြန်ရှိလာဖို့ မျှော်လင့်ထားတယ်လို့ ဗိုလ်ချုပ်ဂွမ်မော်က ပြောပါတယ်။ ကေအိုင်အို ကချင် လွတ်လပ်ရေးအဖွဲ့ နေပြည်တော် ခရီးစဉ်အတွင်း ကာကွယ်ရေးဦးစီးချုပ် အပါအဝင် အစိုးရထိပ်သီး ခေါင်းဆောင် တွေနဲ့ တွေ့ဆုံဖွယ် ရှိနေပါတယ်။ နေပြည်တော်ကို ရောက်လာတဲ့ ဝ UWSA နဲ မိုင်းလားအဖွဲ့တို့ကတော့ မြန်မာ့ ငြိမ်းချမ်းရေးမှာ တရုတ်က အလွန်အရေးပါတယ်လို့ ပြောပါတယ်။

တရုတ်နိုင်ငံ ကူမင်းကနေ ရောက်ရှိလာတဲ့ မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင် အဖွဲ့တွေရဲ့ လေယာဉ်မှာ တရုတ်ရဲ့ မြန်မာ့အရေး အထူးသံတမန် ဆွန်းကော့ရှန် လည်းလိုက်ပါလာပြီး တယ်ဟုန်ပြည်နယ်ခွဲ ဒုတိယ အုပ်ချုပ်ရေးမှူး နဲ့အတူ ယူနန်ပြည်နယ်က ထိပ်တန်းအရာရှိတွေလည်း လိုက်ပါလာတယ်လို့ နေပြည်တော်ကို ရောက်ရှိနေတဲ့ ဘီဘီစီသတင်းထောက်က သတင်းပေးပို့ခဲ့ပါတယ်။

BBC Burmese