ဗိုလ်လုပွဲတက်ရေး ခရိုအေးရှားနှင့် အင်္ဂလန် အကြိတ်အနယ်ကစားမည့်ည

ခရိုအေးရှား-အင်္ဂလန် (ည ၁၂း ၃၀ နာရီခွဲ)

ငယ်ဂုဏ်ရှိသော အင်္ဂလန်နှင့် သမ္ဘာရင့်ကစားသမားများစုဖွဲ့ထားသော ခရိုအေးရှားတို့ ထိပ်တိုက် တွေ့ဆုံပွဲ ဖြစ်သည်။ ခရိုအေးရှားက အုပ်စုကျပ်အတွင်း ရာနှုန်းပြည့်နိုင်ပွဲရခဲ့ပြီး တည်ငြိမ်သော ခြေစွမ်းပြသခဲ့သော်လည်း (၁၆)သင်း အဆင့်တွင် ဒိန်းမတ်၊ ကွာတားဖိုင်နယ်တွင် အိမ်ရှင်ရုရှားကို ပယ်နယ်တီ အဆုံးဖြတ်များဖြင့်သာ ကျော်ဖြတ် နိုင်ခဲ့သည်။

အင်္ဂလန်က အုပ်စုပွဲများ၌ အကောင်းဆုံးခြေစွမ်း မဟုတ်သည့်တိုင် ရှုံးထွက်အဆင့်တွင် တရိပ်ရိပ်ခြေစွမ်း တက်လာပြီး (၁၆)သင်းအဆင့်၌ ကိုလံဘီယာကို ပင်နယ်တီအဆုံးအဖြတ်၊ ကွာတားဖိုင်နယ်တွင် ဆွီဒင်ကို ၂-၀ ဂိုးဖြင့် အနိုင်ယူခဲ့သည်။

အင်္ဂလန်နှင့် နှိုင်းယှဉ်လျှင် ပျမ်းမျှအသက်ပိုကြီးပြီး ရှုံးထွက် နှစ်ပွဲဆက် အချိန်ပိုကစားခဲ့ရ၍ ခရိုအေးရှားက ပွဲပန်းနိုင်သည်။ အင်္ဂလန်က ငယ်ရွယ်မှုအပြင် အချိန်ပိုတစ်ပွဲသာ ကစားခဲ့သဖြင့် လန်းဆန်းနေနိုင်မည်။

ခရိုအေးရှားတိုက်စစ်က လက်ရှိအချိန်အထိ ၁၀ ဂိုးသွင်းထားပြီး ခံစစ်က လေးဂိုးပြန်လည် ခွင့်ပြုထားသည်။ အင်္ဂလန်က ၁၁ ဂိုးသွင်းထားပြီး လေးဂိုးပြန်လည်ခွင့်ပြုထားရသည်။ ထို့ကြောင့် တိုက်စစ်နှင့် ခံစစ်စွမ်းဆောင် ရည်ချင်း နှစ်သင်းစလုံးမျှနေပြီး ကွင်းလယ် စိုးမိုးနိုင်ခြင်း ရှိ၊ မရှိက အဆုံးအဖြတ်ပေးနိုင်သည်။

လူကာမိုဒရစ်၊ ရာကီတစ်နှင့် ပါရီဆစ်တို့၏ ခရိုအေးရှားကွင်းလယ်က ဟန်ဒါဆင်၊ ဒီလီ အယ်လီ၊ လင်ဂတ်တို့၏ အင်္ဂလန်ကွင်းလယ်ထက် တည်ငြိမ်မှုအပြင် စုဖွဲ့မှုပါ ပိုသာနေသည်။

၁၉၉၆ နောက်ပိုင်း ထိပ်တိုက် ခုနစ်ကြိမ်တွေ့ဆုံမှုတွင် လေးပွဲနိုင်၊ နှစ်ပွဲရှုံး၊ တစ်ပွဲသရေ ကျထားသော အင်္ဂလန်က တစ်ပွဲချင်း ခြေစွမ်းတက်နေသောကြောင့် ခရိုအေးရှားကို အနိုင်ယူကာ ဗိုလ်လုပွဲသို့ တက်နိုင်ခြေများကြောင်း ဘောလုံးဝက်ဘ်ဆိုက်များက ခန့်မှန်းသည်။

—Ref: goonersguide